စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဧပြီလ ၂၈ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံ ၈၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကနီဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
ကနီမြို့နယ်အတွင်းမှာ လတ်တလော မိုးရွာထားတာကြောင့် ရာသီဥတုဆိုးရွားနေတဲ့ကြားကပဲ ဒေသခံတွေဟာ ချင်းတွင်းမြစ်တစ်ဖက်ကမ်းအထိ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဘက် ကနီနယ်ဘက်ကတော့ ဒီကနေ့ (ဧပြီ ၂၈) မှ လုံးလုံးဝင်တာပေါ့နော်၊ ဒီစစ်ကြောင်းကတော့ ထွက်ခဲ့တာက ကနီနဲ့ ယင်းမာပင် အစပ်ကနေ တစ်ခါတည်း ထိုးခဲ့တာဆိုတော့လေ၊ ဒါကတော့ နမခဘက်ကနေ လာတဲ့ စစ်ကြောင်းပေါ့။ ဒီဘက်ကတော့ ခုမှ ရှောင်တာဆိုတော့ တောတွေထဲ ရှောင်ရင်တော့ မိုးနဲ့တော့အဆင်မပြေဘူးပေါ့နော်၊ ချင်းတွင်းမြစ် တစ်ဖက်ကမ်းကို သွားကြတာတွေရှိတယ်”
ထွက်ပြေးနေရသူတွေဟာ ကနီမြို့နယ် ချောင်းမ-ကနီလမ်း ၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၁၀ရွာက ဒေသခံပြည်သူတွေလို့ ဆိုပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ၂ လကျော်လောက်ကစပြီး ပုလဲမြို့နယ်မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စတင် စစ်ကြောင်းထိုးခဲ့တာပါ။
ဧပြီလဆန်းပိုင်းမှာတော့ ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ ဆားလင်းကြီး မြို့နယ်တွေဘက်ကိုပါ စစ်ကြောင်းတွေ ဖြန့်ကျက်လာပြီး ဧပြီ ၂၈ ရက်နေ့မှာတော့ ကနီမြို့နယ်ထဲကိုပါ စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ကနီမြို့နယ်အတွင်းက စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ၈၀၀၀ ကျော်ဟာ ရာသီဥတုအခြေအနေတွေကြောင့် ရာသီတုပ်ကွေးရောဂါတွေအဖြစ်များနေကြတယ်လို့လည်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။
