သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ဆေးကုသခွင့်ပေးဖို့ CPJ တောင်းဆို

မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ ကိုစိုင်းဇော်သိုက် ရသင့်ရထိုက်တဲ့အခွင့်အရေး ချိုးဖောက်နေတာကို ရပ်တန့်ပြီး ဆေးကုသခွင့် အမြန်ပေးဖို့လို။

ထောင်ဒဏ် အနှစ် ၂၀ ချခံထားရတဲ့ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ဟာ အကျဥ်းထောင်ထဲမှာ ကျောက်ကပ်ရောဂါနဲ့ လိပ်ခေါင်းရောဂါခံစားနေရပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ကုသခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် သသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဧပြီလ ၂၇ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ထောင်အာဏာပိုင်တွေက လိုအပ်တဲ့ ခွဲစိပ်ကုသမှုတွေ လုပ်ဖို့ ထောင်ဆေးရုံမှာ တက်ရောက်ခွင့် ငြင်းဆိုထားသလို အပြင်ဆေးရုံတက်ရောက် ကုသခွင့်လည်း ပိတ်ပင်ထားပြီး သူ့ရောဂါဝေဒနာ တွေအတွက် သောက်ဆေးနဲ့သာ ကုသနေရတယ်လို့ ထောင်တွင်း သတင်းရစ်မြစ်တွေကို ကိုးကားပြီး CPJ က ရေးပါတယ်။

သတင်းထောက် ကိုစိုင်းဇော်သိုက် ခွဲစိပ်ကုသခွင့်မရဘဲ ကျော်ဖြတ်ရတဲ့နေ့တိုင်းဟာ သူ့အသက်ကို အန္တရာယ်ကျရောက်စေတဲ့ နေ့ပဲဖြစ်ကြောင်း၊ မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ ကိုစိုင်းဇော်သိုက် ရသင့်ရထိုက်တဲ့အခွင့်အရေး ချိုးဖောက်နေတာကို ရပ်တန့်ပြီး ဆေးကုသခွင့် အမြန်ပေးဖို့လိုကြောင်း CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင်ခရစ္စပင် (Shawn Crispin)က ပြောပါတယ်။

ကိုစိုင်းဇော်သိုက်ဟာ ၂၀၂၅ ခုနှစ်ကလည်း ထောင်အာဏာပိုင်တွေရဲ့ နေ့စဥ် ရုပ်ပိုင်းဆိုင်ရာ နိုင်ထက် စီးနင်း လုပ်တာ၊ လက်စားခြေ နှိပ်စက်ညဥ်းပန်းတာတွေကိုလည်း ထောင်ထဲမှာ ခံခဲ့ရတယ်လို့ သိရပါတယ်။

ကိုစိုင်းဇော်သိုက်ကို ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းဘေးဒဏ် အခြေအနေတွေကို မှတ်တမ်း ယူနေချိန် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က စစ်တွေမြို့မှာပဲ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ တို့နဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၃ စက်တင်ဘာ ၆ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။

CPJ အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာ လောလောဆယ် မြန်မာအကျဥ်းထောင်တွေထဲမှာ အနည်းဆုံး သတင်းထောက် ၁၈ ဦး အကျဥ်းချခံထားရပြီး ၂၀၂၅ ဒီဇင်ဘာက ကောက်ယူခဲ့တဲ့ ကမ္ဘာပေါ်က သတင်းထောက်တွေကို အကျဥ်းချထားတဲ့ နိုင်ငံများ စာရင်းမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယအမြင့်ဆုံးမှာ ရှိနေပါတယ်။