မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သန်းခွဲ ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးသွားကြသူတွေလို့ UNOCHA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်တာကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီးနောက်ပိုင်း ဒုက္ခသည်တွေ ထပ်တိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။ ဘယ်လောက်ထပ်တိုးလာလဲဆိုတာကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။
UNOCHA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ လတိုင်း တိုးလာနေတာကိုတွေ့ရပါတယ်။
၂၀၂၁ နှစ်ကုန်အထိ ဒုက္ခသည် လေးသိန်းဝန်းကျင်ရှိခဲ့ရာကနေ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ဒုက္ခသည် တစ်သန်းကျော်အထိ ရှိလာခဲ့ပါတယ်။
ဒီနှစ် ၂၀၂၃ ခုနှစ် လေးလမှာတော့ ဒုက္ခသည် တစ်သန်းခွဲအထိ တိုးလာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ကချင်၊ ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာရှိနေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့နဲ့ ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းဖို့ ဖိအားပေးနေတယ်လို့လည်း UNOCHA က ထောက်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ခြောက်သောင်းကျော် ရှိသွားပြီလို့ UNOCHA ရဲ့ မေ ၆ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
စစ်အာဏာမသိမ်းခင်က အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ဆိုရင် စုစုပေါင်း ဒုက္ခသည် ၁.၈ သန်း အထိရှိနေပြီဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၇၆၄ သန်းနဲ့ညီမျှတဲ့ အကူအညီပေးရေး စီမံချက်ရေးဆွဲထားပြီ လက်ရှိအချိန်ထိ ရရှိထားတဲ့ ရန်ပုံငွေဟာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသေးတယ်လို့ UNOCHA က ပြောထားပါတယ်။