မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် သက်သေအထောက် အထားတွေ ရှာဖွေနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး မှု ယန္တရား (IIMM) ကို အမေရိကန်ဒေါ်လာတစ်သန်း ထောက်ပံ့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ စက်တင်ဘာ ၂၁ ရက်မှာ ကြေညာပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး ဘတ်သ်ဗန်စကာ့ခ်က မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှုတွေကို ခံခဲ့ရတဲ့ ထိခိုက်နစ်နာသူတွေနဲ့ သက်သေထွက်ဆိုသူတွေကို ပံ့ပိုးပေးနိုင်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
"ကြမ်းကြုတ်ရက်စက်တဲ့ ရာဇဝတ်မှုများကို ကြားနာစစ်ဆေးတဲ့ တရားခွင်တွေမှာ ထိခိုက်နစ်နာခဲ့သူတွေနဲ့ မျက်မြင်သက်သေတွေကို ကာကွယ်စောင့်ရှောက်မှုပေးခြင်း - တရားရုံးတွေနဲ့ အစိုးရတွေကို တောင်းဆိုချက်"ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနနဲ့ အတ္တလန္တိတ်ကောင်စီတို့ ပူးတွဲကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ သူက အခုလို ပြောဆိုခဲ့တာပါ။
ဒီပံ့ပိုးမှုဟာ ၂၀၁၁ ခုနှစ်စလို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးလေးဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် သက်သေအထောက်အထားတွေကို စုံစမ်းစစ်ဆေးဖို့၊ စုဆောင်းဖို့၊ ထိန်းသိမ်းဖို့ နဲ့ စိစစ်သုံးသပ်ဖို့ ဆောင်ရွက်တဲ့နေရာမှာ IIMM အတွက် အကူအညီဖြစ်စေ သလို ထိခိုက်နစ်နာသူတွေနဲ့ သက်သေတွေအပေါ် အကာအကွယ်ပေးနိုင်ရေး IIMM ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကိုလည်း အထောက်အကူဖြစ်စေလိမ့်မယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လက်ခံအတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တွေနဲ့ ဥပဒေချိုးဖောက်မှုတွေကို အထောက်အထားတွေနဲ့တကွ စုံစမ်း၊ စစ်ဆေးဖို့ ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။