ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက် မနေ့က အတည်ပြုထုတ်ပြန်လိုက်တာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က အောက်လွှတ်တော်အမတ် Steve Chabot တင်သွင်းခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေအပြီး၊ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်တွေက တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေးကာလအတွင်း ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ ကျူးလွန်မှုတွေဟာ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း လွှတ်တော်က အတည်ပြုသတ်မှတ်ပေးဖို့ ဆိုတဲ့အချက်ပါရှိခဲ့ပါတယ်။
ဒီကိစ္စ ဒီဇင်ဘာလ ၁၁ ရက်နေ့ အောက်လွှတ်တော်မှာ ထပ်မံဆွေးနွေးခဲ့ကြပြီး၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မဲခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆုံးဖြတ်ချက်မှာ အကျဉ်းကျနေတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ရေးလည်း ပါဝင်ပါတယ်။