အာဏာသိမ်းပြီးနောက် အသက်ဆုံးရှုံးမှုတွေအတွက် ပူဆွေးရကြောင်း ကန်သံရုံးထုတ်ပြန်
2023.07.24
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်အဖွဲ့အစည်းက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၃၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မြန်မာ ပြည်သူတွေနဲ့ထပ်တူ ပူဆွေးသောကရောက်ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ သေဒဏ်စီရင်ခံရတဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာပါ။
အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ကျင့်သုံးနိုင်ဖို့ စိတ်အားထက် နေကြတဲ့ မြန်မာပြည်သူတွေကိုလည်း အမေရိကန်အစိုးရအနေနဲ့ ဆက်လက်အားပေး ထောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီနဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) တို့နဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာတော့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) တို့ကလည်း အဲဒီလေးဦး အပါအဝင် စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံခဲ့ရသူတွေအတွက် အထိမ်းအမှတ်အခမ်းအနားကို အွန်လိုင်းကတစ်ဆင့် မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံဒေသတချို့မှာလည်း ဇူလိုင်လ ၂၃ ရက်မနေ့က လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။