မြန်မာသွင်းကုန်တွေကို အမေရိကန်နိုင်ငံက အခွန်ကင်းလွတ်ခွင့် ပြုနိုင်ဖွယ်ရှိ

အမေရိကန် ပြည်ထောင်စုကို မြန်မာနိုင်ငံက သွင်းကုန်တွေအပေါ် သမ္မတအိုဘားမား အစိုးရက အခွန်ကင်းလွတ်ခွင့် ပြုနိုင်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ အရာရှိ ဒီမီထရီယိုး မရန်တိစ်ဟာ ဒီနေ့မြန်မာနိုင်ငံကို ရောက်မှာဖြစ်ပြီး၊ အစိုးရအရာရှိတွေ စီးပွါးရေးသမားတွေနဲ့ ရန်ကုန်နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

အခုလို သွင်းကုန်အခွန်ကင်းလွတ်ခွင့် ပြုမယ့်အကြောင်းက သမ္မတ အိုဘားမားအနေနဲ့ မြန်မာအစိုးရဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေ အလုပ်အကိုင်ရရှိရေးကို အထောက်အကူဖြစ်အောင် ရည်ရွယ်ကူညီမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ပြန်ပြီးအသိအမှတ်ပြုတဲ့အနေနဲ့ အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုတချို့ကို ယာယီရုပ်သိမ်းပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၃ ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံကနေ အဝတ်အထည်နဲ့ အခြားပစ္စည်း ၂၇၅ သန်းဖိုး ဝယ်ယူတင်သွင်းခဲ့ပါတယ်။