ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့က သြဂုတ် ၂၃ ရက် နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ မြန်မာ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ တချို့ဒေသတွေမှာ ဆက်လက်ကျူးလွန်နေတာဟာ တပ်မတော်ရဲ့ လူမျိုးတုံးဖယ်ရှားရေး ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က မနေ့က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
မြန်မာအစိုးရတပ်မတော်ရဲ့ လက်ထဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ တခြားလူနည်းစုတွေဟာ ဖွင့်ပြောဖို့တောင်ခက်တဲ့ ရက်စက်မှုတွေကို ခံစားခဲ့ရတယ်ဆိုတာသာ သက်သေပြနေကြောင်း၊ သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီလုပ်ရပ်တွေကို လူမျိုးတုံးလုပ်ဆောင်မှု ဒါမှမဟုတ် လူသားထုတစ်ရပ်လုံးအပေါ် ကျုးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ဖို့ တောင်းဆိုကြောင်း၊ အစိုးရအဖွဲ့နဲ့ အမေရိကန်လွှတ်တော်ကိုလည်း မြန်မာ့တပ်မတော်ခေါင်းဆောင်တွေကို ငွေကြေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆ့ိုတာတွေ ထပ်မံလုပ်ဆောင်ဖို့ တောင်းဆိုပါကြောင်း၊ ဒီ ရာဇဝတ်မှုတွေဟာ ခွင့်လွှတ်သည်းခံစရာ မရှိကြောင်းလည်း အမေရိကန်ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌ နာဒင်းမန်ဇာ နဲ့ ကော်မရှင်နာမင်းကြီး အာနုရီမာ ဘာဂါဘာတို့က ပူးတွဲကြေညာချက်မှာ ပြောကြားထားပါတယ်။
သူတို့ နှစ်ဦးဟာ မကြာခင်က မြန်မာနိုင်ငံကို အလည်ပတ်ရောက်ရှိခဲ့ကြသူတွေဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ တခြား လူနည်းစု ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ကြသူတွေဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ဟာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးကြတဲ့ နှစ်နှစ်ပြည့် အထိမ်းအမှတ်ကာလဖြစ်ပြီး ရိုဟင်ဂျာတွေ ကိုယ့်ဇာတိရပ်ရွာကို လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်သလို မြန်မာအစိုးရအနေနဲ့ တစ်စုံတရာ ဆောင်ရွက်ပေးဖို့ကိုလည်း USCIRF ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာ့တပ်မတော်ဘက်ကတော့ ကုလသမဂ္ဂ လွတ်လပ်တဲ့ အချက်အလက် ရှာဖွေဖော်ထုတ်ရေးမစ်ရှင် FFM အဖွဲ့အစီအရင်ခံစာပါ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိ၊ အကြားဖြင့်သာ ရေးသားစွပ်စွဲထားချက်တွေဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ ပြည်သူလူထု အသက်အိုးအိမ်နဲ့ လူ့အခွင့်အရေး ထိခိုက်စေတဲ့ လုပ်ရပ်တွေ မကျူးလွန်ဖို့ တားမြစ်ထားသလို ကျူးလွန်သူတွေကိုလည်း အရေးယူအပြစ်ပေးကြောင်း၊ ဒီလိုရေးသားစွပ်စွဲမှုတွေဟာ နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးတဲ့ လုပ်ရပ်သာဖြစ်ကြောင်း မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက တုံ့ပြန် ပြောကြားထားပါတယ်။
အလားတူ KNU Concerned Group ကလည်း FFM ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။