စစ်ကောင်စီဝန်ကြီးချုပ်လေးဦးနဲ့ ကပစ စက်ရုံတွေကို အမေရိကန်ပိတ်ဆို့အရေးယူ

စစ်ကောင်စီက ခန့်ထားတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တို့ကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့စာရင်းမှာ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ ထည့်သွင်းလိုက်ပါတယ်။

ဒ့ါပြင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ ကပစ - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံးနဲ့ နေပြည်တော်က စစ်မှုထမ်းဟောင်းများအဖွဲ့တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ အဖွဲ့အစည်းစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။

ကမ္ဘာတစ်ဝန်းက လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ် ၁၅ ဦး၊ အဖွဲ့အစည်း ၁၀ ခုကို ပစ်မှတ်ထား အရေးယူပိတ်ဆို့လိုက်‌တာလို့ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အ‌ရေးနေ့မှာ အမေရိကန်ဘဏ္ဌာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အခုလို ထုတ်ပြန်လိုက်တာပါ၊

မြန်မာနိုင်ငံက ဦးမျိုးဆွေဝင်းဟာ ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့မှာ လူပေါင်း ၈၂ ဦးထက်မနည်း အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ပဲခူးတိုင်းရဲ့ ဝန်ကြီးချုပ်တာဝန် ယူထားသူဖြစ်တယ်လို့ ဆိုပါတယ်။

us-sanctions-ministers
(ဝဲ မှ ယာ) ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်။

ကပစ လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးဟာ မြန်မာပြည်သူတွေကို ရက်ရက် စက်စက် အကြမ်းဖက်သတ်ဖြတ်ရာမှာ စစ်တပ်က အသုံးပြုတဲ့ လက်နက်တွေကို ထုတ်လုပ်နေတာ ဖြစ်ပြီး၊ စစ်ထောက်ချုပ်ရုံးဟာ အာဏာသိမ်းပြီး‌နောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်ရာမှာ စစ်တပ်က အသုံးပြုတဲ့ ကျည်ဆန် အမြောက်ဆန်တွေ အပါအဝင် ခဲယမ်းမီး‌ကျောက်တွေကို အဓိက ထောက်ပံ့‌နေတာလို့ ဆိုပါတယ်။

စစ်မှုထမ်းဟောင်းများအဖွဲ့ဟာလည်း မြန်မာစစ်တပ်က အကြီးတန်းစစ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားပြီး လက်နက်ကိုင်တွေရဲ့ အရန်အင်အားစုအဖြစ် ဖွဲ့စည်းထားတာလို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဗြိတိန်အစိုးရကလည်း မြန်မာနိုင်ငံက အရပ်သားပြည်သူတွေအပေါ် ဆက်ပြီး အကြမ်းဖက် ဖိနှိပ်နေတဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တယ်လို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဗြိတိန်က ပိတ်ဆို့အရေးယူလိုက်တဲ့ မြန်မာစစ်တပ် လက်အောက်ခံဌာနတွေ ကတော့ စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းဝယ်ယူမှု ညွန်ကြားရေးမှူးချုပ်ရုံးနဲ့ စစ်မှုထမ်းဟောင်းများအဖွဲ့ ဖြစ်ပါတယ်။