မြန်မာ့နိုင်ငံရေး ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စင်ကာပူနဲ့ အမေရိကန်ဝန်ကြီးတွေ ပြော

မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး တစ်စုံတရာတိုးတက်ခြင်းမရှိဘဲ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံပွဲအပြီးကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောလိုက်တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း သူနဲ့အမြင်ချင်းတူပါတယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ အရပ်သားပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိပ်စက်တာတွေ ဆက်လက်ပြုကျင့်နေတာကို မိမိတို့ ဆန့်ကျင်ကြောင်း၊ နိုင်ငံတည်ငြိမ်မှုမရှိဘဲ စီးပွားရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလည်း ဆုတ်ယုတ်ယိုယွင်းနေကြောင်း၊ အာဆီယံအဖွဲ့က ဆုံးဖြတ်ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်နဲ့ပတ်သက်လို့လည်း ထူးခြားတိုးတက်မှု တစ်စုံတရာမှ မရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် သူက... "မြန်မာ့နိုင်ငံရေးအဖြေရှာဖို့အတွက် အဓိက လိုအပ်ချက်က သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပေါ်ပေါက်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို တွေ့ဆုံပွဲတွေပေါ်ပေါက်ဖို့ ဘယ်လောက်ကြာမြင့်မှာလဲဆိုတာ ကျွန်တော် မသိပါဘူး။ မြန်မာပြည်မှာ နောက်ဆုံးအကြိမ် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတချို့ပေါ်ပေါက်ခဲ့တုန်းကတော့ အဲဒီလိုဖြစ်ပေါ်ဖို့အတွက် ၂၅ နှစ်လောက်ကြာမြင့်ခဲ့ပါတယ်။ အခုအကြိမ်မှာတော့ အဲဒီလောက် မကြာမြင့်တော့ဘူးလို့ ထင်ပါတယ်လို့" ပြောပါတယ်။

အဲဒီသတင်းစာရှင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ကလည်း ... "စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အခုပြောကြားသွားခဲ့တဲ့အချက်အားလုံးကို သူ သဘောတူညီတယ်၊ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ပပျောက်ရေး၊ ဖမ်းဆီးခံတွေ ပြန်လွှတ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးအတွက် အာဆီယံကဆောင်ရွက်နေတာတွေကို ထောက်ခံတယ်"လို့ ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးအတွက် အာဏာသိမ်းစစ်ကောင်စီကို မိမိတို့အတူတကွ ဆက်လက်ဖိအားပေးကြဖို့နဲ့ အတိုက်အခံအင်အားစုတွေနဲ့ ထိတွေဆက်ဆံဖို့လည်း အလွန်အရေးကြီးပါတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာစစ်တပ်ကို စင်ကာပူကုမ္ပဏီတွေက ဒေါ်လာ ၂၅၄ သန်းဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေတင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူအရာရှိတစ်ဦးက ပြီးခဲ့တဲ့ မေလမှာ ထုတ်ဖော် ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ မရောက်ရှိအောင် အစွမ်းကုန်တားဆီးဖို့ မိမိတို့ အစိုးရအနေနဲ့ မူဝါဒ ချမှတ်ထားကြောင်း၊ ကုလသမဂ္ဂ အရာရှိထုတ်ပြန်ပြောဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းအရေးယူသွားမယ်လို့လည်း ပြန်လည်ဖြေကြားသွားပါတယ်။