စစ်ကိုင်းတိုင်း မုံရွာမြို့ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ဒီကနေ့ ကားနဲ့ဝင်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးသွားတာကို ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံရှိ၊ အမေရိကန် သံရုံးနဲ့ ဆွီဒင် သံရုံးတွေက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီလိုကားနဲ့ တိုက်ပြီးဖမ်းဆီးတဲ့ လုပ်ရပ်ဟာ တုန်လှုပ်ချောက်ချားဖွယ် လုပ်ရပ်ဖြစ်ပြီး၊ မြန်မာပြည်သူတွေ ဘာကြောင့် စစ်အာဏာရှင်ကို လက်မခံရသလဲဆိုတာ ဒီလုပ်ရပ်တွေက သက်သေထူနေတယ်လို့ အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဆွီဒင်သံရုံးကတော့ ဖမ်းဆီးခံရတဲ့ ကိုဝေမိုးနိုင်ရဲ့ အခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဧပြီလ ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဦးဆောင်လာတဲ့ ဆိုင်ကယ်သပိတ်ကို ကားတစ်စီးက အကြမ်းဖက် ဝင်တိုက်ခဲ့ပြီးနောက် အဲ့ဒီကားပေါ်လိုက်လာတဲ့ လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်လူတွေက ကိုဝေမိုးနိုင်ကို ရိုက်နှက်ဖမ်းဆီးသွားပါတယ်။
သူ့ကို ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ မသိရသေးတာကြောင့် မိသားစုတွေနဲ့ သပိတ်မှာပါဝင်သူတွေက စိတ်ပူနေကြတယ်လို့ မိတ်ဆွေကျောင်းသားတစ်ဦးက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင် ကိုဝေမိုးနိုင်ဟာ မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဦးဆောင်နေသူဖြစ်ပါတယ်။ သူဖမ်းဆီးခံရတဲ့အပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ရေးသားနေကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ကိုဝေမိုးနိုင်လိုပဲ ဖမ်းဆီးခံထားရတဲ့သူ ၃၀၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့နဲ့ ဆေးကုသခွင့်တွေရဖို့လည်း အမေရိကန်နဲ့ ဆွီဒင်သံရုံးတွေက တောင်းဆိုပါတယ်။