၆ ပွင့်ဆိုင်ဆုံးဖြတ်ချက် မလွှဲမသွေဖော်ဆောင်ရလိမ့် မယ်လို့ သူရဦးရွှေမန်း ပြောကြား

0:00 / 0:00

0:00 / 0:00

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲဟာ အခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကာလမှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦး ရဲ့ မေးမြန်းချက်ကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့တာပါ။

"ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံမှာ အမြင့်ဆုံးဥပဒေပြု အဖွဲ့အစည်းဖြစ်တယ်၊ ဒါကြောင့်မို့ လို့ ပြည်ထောင်စုလွှတ်တော်က ပြဌါန်းလိုက်တဲ့ဥပဒေ သို့မဟုတ် အဆိုတွေဟာ အခြားအခြားသော လွှတ်တော်၊ အခြားအခြားသောဆိုတာ တိုင်းနဲ့ပြည်နယ်လွှတ်တော်ကို အကုန်လုံးလွှမ်းမိုးပါတယ်၊ ပြည်ထောင်စုလွှတ်တော် က ပြဌါန်းထားတဲ့ဥပဒေ သို့မဟုတ် အဆိုတွေကို ဘယ်သူကမှသွားပြီးတော့ ဟန့်တားလို့မရဘူး၊ ချေဖျက်လို့ မရဘူး၊ ဒါကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော်ရဲ့အဆိုဟာ အတည်ဖြစ်ပါတယ်၊ နောက်တစ်ခုကတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကိစ္စဟာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ကိစ္စဖြစ်တဲ့အတွက် မလွှဲမသွေတွေ့နိုင် ကြဖို့အတွက် မိမိတို့ လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများက ဒီလိုပဲဆွေးနွေးထားပါတယ်"

ဒါ့အပြင် အခုကျင်းပနေတဲ့ လွှတ်တော်ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမျိုးသား ပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိခဲ့ကြောင်း သူရဦးရွှေမန်းက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို သူရဦးရွှေမန်းနဲ့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေထဲက သူရဦးအေးမြင့်နဲ့ ဦးမောင်မောင်သိမ်းတို့ တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ သူရဦးရွှေမန်းရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်သူ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှာ တိုင်းရင်းသားတွေ ပိုမိုပါဝင်သင့်တယ်လို့ တပ်မတော်သား အမျိူးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ အကြံပြုချက်အပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သုံးသပ်ချက်နဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးရေး အလားအလာတွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။