ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တွေနဲ့အတူ ဝ နဲ့ မိုင်းလားတပ်တွေ ပူးပေါင်းပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မမှန်ကြောင်း ဝ နဲ့ မိုင်းလား အဖွဲ့တွေက နိုင်ငံတော်သမ္မတထံ စာရေးသားပေးပို့ပြီး ကန့်ကွက်လိုက်ပါတယ်။
ကိုးကန့်အဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်တယ်ဆိုတဲ့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ စွပ်စွဲချက်သာ ဖြစ်ကြောင်း ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဒီနေ့ ပြောပါတယ်။
"ကျနော်တို့ ပြည်တွင်းတိုင်းရင်းသားပြဿနာများ ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းဖို့ အတွက် ကျနော်တို့က အမြဲတမ်းတိုက်တွန်း ပါတယ်၊ ဒီတော့ ကျနော်တို့ ပြောရုံသာမဟုတ်ဘူး လက်တွေ့မှာလည်း ကျနော်တို့ စွဲစွဲမြဲမြဲ ဆောင် ရွက်နေပါတယ်၊ ဒါကြောင့်မို့လို့လည်း ကျနော်တို့ ဒီသဘောထားဟာဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုရှိပြီး ခိုင်မြဲပါတယ်၊ ဘယ်သူကပဲဖြစ်ဖြစ် ကျနော်တို့ အဖွဲ့ဘက်ကနေပြီးတော့ ကိုးကန့်အရေးအခင်းထဲကို ဆွဲထည့်မယ်ဆိုလို့ရှိရင်ပေါ့၊ ကျနော်တို့ လုံးဝ လက်မခံပါဘူး၊ ဒီလိုစွပ်စွဲချက်ကဆိုလည်း လုံးဝအောင်မြင်မယ်မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်"
ဝ နဲ့ မိုင်းလားအဖွဲ့က သူတို့အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ သဘောထားထုတ်ပြန်ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုတိယဥက္ကဌ ဦးသိန်းဇော်ကတဆင့် နိုင်ငံတော်သမ္မတ ထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးကန့်အဖွဲ့နဲ့အတူ ဝ နဲ့ မိုင်းလားအဖဲ့ွတွေ ပါဝင်နေပြီး UWSA က ထုတ်တဲ့ လက်နက်တွေကို တိုက်ပွဲမှာအသုံးပြုထားကြောင်း တွေ့ရှိရတယ်လို့ ဓါတ်ပုံအထောက်အထားတွေနဲ့ ရှင်းပြခဲ့ပါတယ်။
အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တွေဟာ ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးတဝိုက်မှာ ဒီလ ၉ ရက် နေ့ကစပြီး တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။