၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းတဲ့ မူဘောင်ဆွေးနွေးပွဲတွေကို UWSA "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ NDAA မိုင်းလားတပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ဖို့ သဘောတူလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ဦးကျောက်ကော်အန်းဦးဆောင်တဲ့ "ဝ" ကိုယ်စားလှယ်အဖွဲ့နဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ မိုင်းလားတပ်ဖွဲ့တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ရာမှာ ၂၁ ပင်လုံညီလာခံ ကျင်းပရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြတာလို့ ၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ပြောပါတယ်။
ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက မိုင်းလားဒေသကို သွားရောက်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးသဘောတူစာချုပ်မှာ ပူးပေါင်းပါဝင်ဖို့နဲ့ ၂၁ ရာစုပင်လုံညီလာခံကိုတက်ရောက်ဖို့ "ဝ" နဲ့ မိုင်းလားအဖွဲ့ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
"ဝ" နဲ့ မိုင်းလားအဖွဲ့က ခေါင်းဆောင်တွေက ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ဖို့ သဘောတူညီကြောင်းနဲ့ အဆင်သင့်ဖြစ်တဲ့အချိန် နေပြည်တော်မှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ဆွေနဲ့လာရောက် တွေ့ဆုံမယ်လို့ ပြော ခဲ့ကြောင်း ဦးခင်ဇော်ဦးက ပြောပါတယ်။
ဆွေးနွေးပွဲ အသေးစိတ်အချက်အလက်တွေနဲ့ ဘယ်လိုပုံစံနဲ့ အဲဒီအဖွဲ့တွေ ညီလာခံ တက်ရောက်မယ်ဆိုတာ ကိုတော့ သတင်းထုတ်ပြန်ဖို့ မရှိသေးဘူး လို့လည်း ပြောပါတယ်။
UWSA "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ NDAA မိုင်းလားအဖွဲ့တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုး ဖို့ မရှိပဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒါမှမဟုတ် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မယ်လို့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် က ပြောထားတဲ့ အဖွဲ့တွေဖြစ် ပါတယ်။