Victoria အမှုမှ ကိုအောင်ကြီးအတွက် အာမခံလျှောက်

Victoria ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုရဲ့ သံသယ တရားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီး အာမခံရဖို့ ဒီနေ့ တရားရုံးကိုလျှောက်ထားလိုက်ပါတယ်။

လာမယ့် အောက်တိုဘာ ၉ ရက်နေ့ ရုံးချိန်းမှာ တရားရုံးက အာမခံပေး၊ မပေး ဆုံးဖြတ်ဖွယ်ရှိကြောင်း ကိုအောင်ကြီး ရဲ့ ရှေ့နေဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရှာဖွေပုံစံနဲ့ ပတ်သက်တဲ့ သက်သေတွေအဖြစ် သပြေကုန်းရပ်ကွက်က ရာအိမ်မှူး ဦးမျိုးလှိုင်နဲ့ ဦးမြင့်အောင်တို့ကိုကို စစ်ဆေးခဲ့ပါတယ်။

ရာအိမ်မှူး ဦးမျိုးလှိုင်က ကိုအောင်ကြီးက အဲဒီအမှုကို မကျူးလွန်ကြောင်း၊ လိင်အကြမ်းဖက်ခံရတဲ့ ကလေးငယ်ကို မမြင်ဖူးကြောင်း သူနဲ့ ရဲစခန်းမှာ တွေ့ဆုံစဉ် ပြောခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

လာမယ့် ရှစ်ကြိမ်မြောက်ရုံးချိန်းမှာ Wisdom Hill ပုဂ္ဂလိမူကြိုကျောင်းက ယာဉ်မောင်း နှစ်ဦးကို ဆက်လက် စစ်ဆေးမှာဖြစ်ပါတယ်။

တကယ်လို့ အချိန်ရရင် Wisdom Hill ပုဂ္ဂလိမူကြိုကျောင်းက CCTV မှတ်တမ်းနဲ့ ပတ်သက်ပြီး အဲဒီကျောင်းက ကိုရန်နောင်ဌေးကိုပါ စစ်ဆေးမယ်လို့ သိရပါတယ်။

လိင်အကြမ်းဖက်မှု ကျူးလွန်ခံရတဲ့ ၃ နှစ်အရွယ် Victoria ကလေးငယ်ကို ပြီးခဲ့တဲ့ တစ်ပတ်ရုံးချိန်းက ဗီဒီယိုစနစ် သုံးပြီး သီးသန့်စစ်ဆေးရာမှာ ကျူးလွန်သူတွေဟာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး ဖြစ်တယ်လို့ သက်သေထွက်ဆို ခဲ့ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်။)