"ဝ" တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတချို့မှာ စက်သုံးဆီပြတ်လပ်
2025.01.18
ရှမ်းပြည်နယ်မြောက်ပိုင်း၊ UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသ ဟိုပန်မြို့နယ်၊ နမ့်တစ်၊ ပန်လုံမြို့တွေမှာ စက်သုံးဆီတွေ ပြတ်လပ်နေတာ တစ်ပတ်နီးပါးရှိသွားပြီလို့ ဒေသခံတွေက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဓာတ်ဆီ တစ်လီတာကို ငွေကျပ် တစ်သောင်းကျော် ပေးဝယ်နေရပြီး လတ်တလောမှာတော့ စက်သုံးဆီတွေ အကုန်ပြတ်လပ်နေတယ်လို့ ဟိုပန်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဓာတ်ဆီ၊ ဒီဇယ် ဘာမှ ဝယ်မရတော့ဘူးဗျ။ တရုတ်ဘက်က ပိတ်ထားတာလည်း ကြာပြီဆိုတော့ ဆိုင်တွေက ရှိတဲ့ဆီတွေ မျှရောင်းပေးနေတာ အခုလုံးဝပြတ်သွားတာ တစ်ပတ်လောက်ရှိပြီ။ ကား၊ ဆိုင်ကယ်တွေတောင် အိမ်ထဲမှာပဲ ထိုးထားရတယ်”
စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ခရီးသွားလုပ်ငန်း၊ ကုန်စည်သယ်ဆောင်ရေးနဲ့ စက်ယန္တရားကို အသုံးပြုပြီး လုပ်ကိုင်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အကုန်နီးပါး ရပ်နားထားရတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းကို စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ သယ်ယူခွင့် စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် တရုတ်နယ်စပ်နဲ့နီးတဲ့ ဟိုပန်၊ နမ့်တစ်မြို့တွေဟာ တရုတ်နိုင်ငံဘက်ကလာတဲ့ စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတွေကို အဓိက အားထားနေကြရတာပါ။
ဒါ့အပြင် UWSA “ဝ” တပ်ဖွဲ့ကိုလည်း ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသတွေကို ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကန့်သတ်ဖို့ တရုတ်နိုင်ငံဘက်က ဖိအားပေးပြီးနောက် ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ ပြတ်လပ်ကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဟိုပန်မြို့ကို MNDAA က တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ UWSA “ဝ” တပ်ဖွဲ့ကို ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
UWSA အနေနဲ့ ဟိုပန်၊ နမ့်တစ်၊ ပန်လုံ၊ နားဝီး မြို့တွေကို စုစည်းပြီး ခရိုင်မြို့အနေနဲ့ ၂၀၂၄ ဇွန်လမှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။