လက်နက်ကြီးထိလို့ တစ်ယောက်သေ၊ ၁၇ ယောက်ဒဏ်ရာရ

2020-02-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကျည်၊ မိုင်း စတာတွေကြောင့် ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ မနေ့ကအထိ သေဆုံးသူ အရပ်သား ၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ အထိရှိခဲ့ရာကနေ ဒီနေ့မှာလည်း မင်းပြားမြို့နယ်မှာ တစ်ယောက် သေဆုံးပြီး ဘူးသီးတောင်မြို့နယ်မှာ ကျောင်းသူကျောင်းသား ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။

မင်းပြားမြို့နယ် ဖားပျော်ကျေးရွာက လူငယ် မောင်ငလုံးရှည် လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒုက္ခသည်အရေး ကူညီသူ ကိုအမ်းသားကြီး က ပြောပါတယ်။

"သူတို့ရွာနဲ့ တမိုင်ခွဲလောက်ဝေးတဲ့ ရွာအစပ်ကို သွားပြီး ထင်းခုတ်သွားတာ အပြန်မှာ လက်နက်က ဘယ်ကပစ်လို့ ဘယ်လိုကျလာမှန်းမသိဘူး။ သူနဲ့အတူသွားတဲ့ ကောင်လေးကပြောတာ။ ဝုန်းခနဲ ဆိုတာ ကြားလိုက်တယ်။ ပြီးရင် အဲကောင်လေး တကိုယ်လုံးက မီးထလောင်တာ တွေ့လိုက်တယ်။ ဘယ်ကပစ်တာတို့ ဘာတို့တော့ သူက မပြော ဘူးဗျ

ဒီနေ့ တရက်တည်းမှာပဲ ဘူးသီးတောင်မြို့နယ် စံညင်းဝေအုပ်စု ခမွီချောင်းရွာမှာရှိတဲ့ အစိုးရမူလွန်ကျောင်းကို ဒီမနက် ၉ နာရီကျော်က စာသင်ကျောင်း လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ကလေးတွေ ဒဏ်ရာရခဲ့ကြတာပါ။

ဒီမူလွန်ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသား ၆၀ ကျော်လောက် ပညာသင်ကြားနေကြတာပါ။

မူလတန်းပြဆရာတစ်ဦးဖြစ်တဲ့ ဦးသာအေးမောင်က ကလေးတွေက စာသင်ခန်းထဲမှာရှိနေစဉ် ပစ်ခတ်ခံရတာလို့ ပြောပါတယ်။

နာရီ မိနစ် ၃၀ လောက်မှာဖြစ်တာ။ ကျောင်းသားတွေက ဆော့သူဆော့နေချိန်မှာ လက်နက်ကြီးက ကျောင်းကို ကျလာတာ။ ကျောင်းထဲကျသွားတာ။ ကျောင်းလည်းပျက်စီးသွားတယ်။ စာသင်ခန်းထဲမှာ ရှိနေတဲ့ကလေးတွေ ကိုပဲထိတာ။ စာသင်ခန်းအပြင်က ကလေးတွေကိုတော့ မထိဘူး။ စာသင်ခန်းထဲကို ဖောက်ဝင်လာတာ။ ကျွန်တော် တို့က မနက် ၁၀ နာရီ ကျောင်းတက်တယ်။ ကျွန်တော်က ကျောင်းကိုလာနေတုန်း ပေါက်ကွဲသံကြားတာနဲ့ ဘယ် ကို ပစ်တာလဲမှန်းကြည့်နေတုန်း အဲဒီအချိန်မှာ ကျောင်းထဲကကလေးတွေက အော်ဟစ်ငိုကြွေးပြီး ဟိုပြေးဒီပြေး ဖြစ်နေကြပြီ

၃ တန်းနဲ့ ၄ တန်းအရွယ် ကလေးတွေ အများဆုံးဒဏ်ရာရကြတာဖြစ်ပြီး အဲဒီအထဲက ကျောင်းသူ နှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ကနဦးဒဏ်ရာရတဲ့ကလေး ၂၁ ဦးရှိတာပါ။

အဲဒီအထဲက ဦးခေါင်း၊ ခြေလက်နဲ့ ကိုယ်ခန္ဓာတွေမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေး ၁၇ ဦးကို ဘူးသီးတောင် ဆေးရုံမှာ တင်ထားရပါတယ်။ ကျန်တဲ့ကလေးတွေကိုတော့ ဆေးရုံတင်ဖို့မလိုတာကြောင့် ရွာပြန်သွားကြတယ်လို့ ခမွီချောင်းရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင် က ပြောပါတယ်။

ကလေးတွေ ဒဏ်ရာရတာက အားလုံး ၂၁ ယောက်ပါ။ အခုဆေးရုံတင်ထားရတာက ၁၇ ယောက်။ အဲဒီအထဲက အသည်းအသန်ဒဏ်ရာပြင်းတာက နှစ်ယောက်။ ကျန်တဲ့ကလေးတွေကတော့ လက်နက်ကြီးသံကြောင့် ကြောက် လန့်သွားတာတွေ၊ နားလေးသွားတာတွေဖြစ်သွားလို့ ခဏနေရင် ရွာကိုပြန်သွားကြတယ်

ခမွီချောင်းရွာရဲ့တောင်ဘက် တစ်မိုင်ကျော်အကွာမှာ ဒီနေ့မနက် ၈ နာရီကျော်လောက်က ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်နဲ့ အေအေ နှစ်ဖက်စလုံးက အတည်ပြုပါတယ်။

အဲဒီတိုက်ပွဲသံရပ်သွားပြီးနောက် ခမွီချောင်းရွာအနီးဝန်းကျင်ကို လက်နက်ကြီးတွေကျရောက်ခဲ့သလို စာသင်ကျောင်းကိုလည်း ပစ်ခတ်ခံရတာလို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးကျော်ခိုင် က ပြောပါတယ်။

ဒီမနက်ပိုင်း နာရီလောက်ကပေါ့နော်၊ အုတ်တောင်ပြင်ရှည်နဲ့ ကျွန်တော်တို့ရွာကြားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့မှ ကျွန်တော်တို့ရွာ စာသင်ကျောင်းကို လက်နက်ကြီးကျလာတာ။ လယ်ကွင်းပြင်နားမှာလည်း လက်နက်ကြီးကျည် နှစ်လုံးသုံးလောက်ကျတယ်

ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နဲ့ ကလေးများနေ့အဖြစ် မြို့နယ်အတော်များများမှာ  ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေကြချိန်မှာ အခုလို ဘူးသီးတောင်က စာသင်ကျောင်း လက်နက်ကြီးကျလို့ ကလေး ၁၇ ယောက် ဒဏ်ရာရခဲ့တာပါ။

ဒီမနက် ပစ်ခတ်ခံရတဲ့ စာသင်ကျောင်းရဲ့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စာသင်ကျောင်းရဲ့ တောင်ဘက်အရပ် မှာတော့ အစိုးရတပ်ရင်းရှိတယ်လို့ဆိုပါတယ်။ ဒီနေ့မနက်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဘက်ကို တပ်မတော်က လက်နက်ကြီးအများအပြားလှမ်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာသင်ကျောင်းထဲကိုဝင်လာတဲ့ လက်နက်ကြီးဟာ ကျောင်းဆောင်ရဲ့တောင်ဘက်ခြမ်းမှာဖြစ်တဲ့အတွက် ဒါဟာ တပ်မတော်က တိုက်ပွဲဖြစ်တဲ့နေရာကိုလှမ်းပစ်စဉ် ထိမှန်တာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ယူဆနေကြပါတယ်။

ရက္ခိုင့်တပ်တော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ဒီနေ့မနက်က ကမ်းပိုင်းချောင်းရွာရဲ့အရှေ့ဘက် တစ်ကီလိုမီတာလောက်အကွာမှာ တပ်မတော်ရဲ့ စကခ(၁၅) လက်အောက်ခံ ခမရ-၅၅၁ တပ်နဲ့ AA အဖွဲ့တို့ အချိန် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ပြောပါတယ်။

ဒီနေ့မနက်က စာသင်ကျောင်းကို ပစ်ခတ်ခဲ့တာဟာ ဘယ်သူ့လက်ချက်လဲလို့ RFA ကမေးမြန်းရာမှာ ရက္ခိုင့် တပ်တော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က စစ်တပ်ရဲ့လုပ်ရပ်လို့ စွပ်စွဲပါတယ်။

တိုက်ပွဲပြီးသွားပြီးလို့ နာရီဝက်လောက်အကြာမှာပဲ မြန်မာစစ်တပ်ရဲ့ စကခ(၁၅) ဌာနချုပ်ပေါ့နော်၊ ဒီဘူးသီး တောင်ကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ သူတို့ ရမ်းသမ်းပစ်ခတ်မှုတွေကို တောက်လျှောက်လုပ်တာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးက ဒီခမွီချောင်းရွာ စာသင်ကျောင်းကို ထိမှန်ပြီးတော့မှ ကလေးတွေ၊ ဒီကျောင်းသားလေးတွေ ၂၀ ကျော်လောက် ဒဏ်ရာရသွားကြတယ်လို့သိရတယ်။ အဲဒါဟာ မြန်မာ စစ်တပ်ဘက်က သူတို့အထိနာတဲ့အခါတိုင်းမှာ ရွာတွေကိုလိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာဖြစ်တယ်။ အဲလိုမျိုးတွေ တောက်လျှောက်လုပ်လာတာပေါ့ မြန်မာစစ်တပ်ဘက်က။ ဒါကတော့ ပြောမယ်ဆိုရင် ဒါလုပ်ရိုး လုပ်စဉ်တစ်ခုလိုဖြစ်နေပြီ။ ဒါကစစ်ရာဇဝတ်မှုကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်တာဖြစ်တယ်ဗျ

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အေအေအဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်လို့ ပြန်လည်စွပ်စွဲပါတယ်။

ခမီးလူမျိုးတွေနေတဲ့ အုတ်တောင်ပြင်ရှည်ကျေးရွာမှာ ဒီနေ့မနက်ပိုင်း ၁၀ နာရီလောက်မှာ အဲဒီနားရွာနားလေ မှာတော့ အေအေနဲ့ တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ အေအေဘက်ကပစ်လိုက်တဲ့ လက်နက် ကြီးကျည်တစ်လုံးကျလို့ ၁၅ ယောက်လောက်ဒဏ်ရာရရှိတယ်။ ပထမဦးဆုံးကတော့ ကျောင်းသားလေးထံ ကျတယ်ပြောတယ်။ ကျောင်းသားလေးမှာ ဒဏ်ရာရတာကတော့ ကြီးကြီးမားမားမရှိဘူး

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောတဲ့ အုတ်တောင်ပြင်ရှည်ကျေးရွာဟာ ဒီနေ့မနက်က စာသင်ကျောင်းပစ်ခတ်ခံရတဲ့ ခမွီချောင်းရွာနဲ့ ကပ်လျက်ရှိနေတဲ့ရွာဖြစ်ပါတယ်။

ဒဏ်ရာရသွားတဲ့ကလေးတွေကို တပ်မတော်ဆေးအဖွဲ့တွေက ဆေးကုသပေးခဲ့သလို ဘူးသီးတောင်ဆေးရုံ ကိုလည်း တပ်မတော်ကားနဲ့ပဲ ပို့ဆောင်ပေးခဲ့တာလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့ညနေကလည်း ကျောက်တော်မြို့နယ် တင်းမကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးကျော့စိန် ဆိုတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သူ့ကို ဒီနေ့ညနေပိုင်းမှာတော့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ရဲ့အကူအညီနဲ့ ကျောက်တော် ဆေးရုံကနေတဆင့် စစ်တွေဆေးရုံကြီးကို အရေးပေါ်ခေါ်ဆောင်လာနေပါတယ်။

ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်အပါအဝင် မြို့နယ် ငါးခုကို အစိုးရက မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့ပြီးနောက် အရပ်သားတွေထိခိုက်သေဆုံးမှု ပိုများလာနေပါတယ်။

သတင်းသမားတွေဟာ အခင်းဖြစ်နေရာတွေက ဓာတ်ပုံ၊ ဗီဒီယိုသက်သေအထောက်အထားတွေနဲ့ တင်ပြဖို့ ခက်သွားစေတာကြောင့် အစိုးရက အင်တာနက်ကိုပိတ်ထားတာဟာ သတင်းအမှောင်ချချင်လို့ လုပ်ဆောင်တာလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့