ကျောက်ကြီးနဲ့ မုန်းက ဒေသခံခြောက်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ
2023.07.23
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာသုံးရွာက ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၂၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃) ထိန်းချုပ်နယ်မြေအတွင်းက မုန်းမြို့နယ် ကြက်တက်ညောင်ပင် အနောက်ဘက်ကမ်းရွာက ဒေသခံနှစ်ဦးနဲ့ ကျောက်ကြီးမြို့နယ်က ချွဲတလဲရွာနဲ့ ငဖယ်အင်းရွာက ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
မုန်းမြို့နယ် ကြက်တက်ညောင်ပင် အနောက်ဘက်ကမ်းရွာက အသက် ၃၅ နှစ်အရွယ် ကိုစိုးသူ နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးထက်ဦး တို့နှစ်ဦးဟာ ဇူလိုင်လ ၂၁ ရက်မှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပါတယ်။ ဇူလိုင်လ ၂၂ ရက်မှာတော့ ကျောက်ကြီးမြို့နယ် ချွဲတလဲရွာက အသက်၄၆ နှစ်အရွယ် နော်အေးဆေးဖော၊ ငဖယ်အင်းရွာက အသက်၄၂ နှစ်အရွယ် စောဝါးဂေ၊ အသက် ၃၆ နှစ်အရွယ် နော်အယ်ဆဲနေမူး နဲ့ အသက် ၁၂ နှစ်အရွယ် စောအယ်စယ်ထူး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင်လ ၂၀ ရက်ကနေ ဇူလိုင်လ ၂၂ ရက်အထိ စစ်ကောင်စီတပ်ရဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၃၀၆တပ်တွေက ကျေးရွာတွေအတွင်းကို လက်နက်ကြီး ၇၄ လုံး ပစ်ခတ်ခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ရာနီးပါးဖြန့်ခွဲပြီး အင်အား တစ်သောင်းကျော်နဲ့ ထိုးစစ်ဆင်လှုပ်ရှားနေတယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက RFA ကို ပြောပါတယ်။
KNU ဗဟိုရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း တစ်သောင်းကျော် ဖြစ်ပွားခဲ့ပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် KNU ထိန်းချုပ်နယ်မြေထဲမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိနေပြီး အဲဒီထဲက နှစ်သိန်း ခြောက်သောင်းကျော် (၂၆၉,၆၃၃ ဦး) ကို ကူညီထောက်ပံ့ပေးထားတယ်လို့ KNU က ဇူလိုင်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။