လက်နက်ကြီးကြောင့် ရသေ့တောင်မြို့နယ်မှာ ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

RFA Burmese
2023.11.25
လက်နက်ကြီးကြောင့် ရသေ့တောင်မြို့နယ်မှာ ဒေသခံတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က ကျည်စထိမှန်သေဆုံးခဲ့ရသည့် ဦးချမ်းသာစိန်။
Citizen Journalist

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်မှာရှိတဲ့ လိုင်ဂွင်ရွာထဲကို နိုဝင်ဘာလ ၂၄ ရက် မနေ့ညနေ ၄ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၆၈ နှစ်အရွယ် ဦးချမ်းသာစိန်ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၆၃ နှစ်အရွယ် ဒေါ်လှဦးဖြူ၊ အသက် ၅၂ နှစ်အရွယ် ဦးကျော်ခင်ဝင်းနဲ့ ဇနီးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်လှနုချေ၊ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မဝင်းချေတို့ ဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်တာ မရှိဘဲ စစ်ကောင်စီတပ်ရဲ့ ရေစိုးချောင်း ဗျူဟာကုန်းကနေ လှမ်းပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လိုင်ဂွင်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်တာမရှိပါ။ ရေစိုးချောင်း ဗျူဟာကုန်းက ဒီအတိုင်း အလွတ်လှမ်းပစ်တာ။ ပစ်တာက သုံးချက် ပစ်ပါတယ်။ သုံးချက်ပစ်တာမှာ တစ်ချက်က ရွာထဲမှာကျတယ်။ လူလေးယောက် ဒဏ်ရာရသွားတယ်။ နောက်တစ်ယောက်ကတော့ နဖူးကို ကျည်စဝင်ပြီးတော့ သေသွားတယ်”

သေဆုံးသွားသူကိုတော့ ညတွင်းချင်း သင်္ဂြိုဟ်လိုက်ကြရပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု ပေးနေတယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

လိုင်ဂွင်ရွာမှာ အိမ်ခြေ ၃၄၀ ဝန်းကျင်နဲ့ လူဦးရေ နှစ်ထောင်ကျော် ရှိတဲ့ရွာဖြစ်ပါတယ်။

ဒေသခံတွေကတော့ သူတို့တူးထားကြတဲ့ ဗုံးခိုကျင်းတွေမှာ လက်ရှိ ရေတွေပြည့်နေတာကြောင့် ရွာထဲမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေး ခိုလှုံနေကြရတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။