မကွေးတိုင်း ရေစကြိုမြို့နယ် ညောင်ဇောက်ရွာထဲကို ဇန်နဝါရီ ၂၆ ရက် ညပိုင်းက လက်နက်ကြီးကျည် သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာ မရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် အသက်လေးဆယ် (၄၀) အရွယ် ကိုအောင်လင်း၊ ဒေါ်ဝင်းဌေးနဲ့ အသက်ဆယ်နှစ်အရွယ် မစုစုတင်တို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီနေ့က ၈၀ မမသုံးလုံး ပစ်တာမှာ တစ်လုံးက ကိုအောင်လင်းတို့ အိမ်မိုးပေါ် ကျခဲ့တာပါ။ အဲဒီမှာ သူတို့ မိသားစုသုံးဦးက ကျည်အပိုင်းအစတွေ ထိမှန်ခဲ့တာ။ ဗိုက်၊ ခေါင်း၊ လက်မောင်းတွေမှာ လက်နက်ကြီး အပိုင်းအစတွေ စိုက်ဝင်နေလို့ ဆေးရုံတင်ထားပါတယ်"
ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးဝင်းရဲထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
ညောင်ဇောက်ရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ကျော် နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း သေဆုံးရတဲ့ အရပ်သား ၁၂၅၄ ယောက်ရှိပြီး၊ ဒဏ်ရာရတဲ့သူက ၂၃၂၆ ယောက်ရှိပါတယ်။