အပူချိန်တွေ ထပ်မံ မြင့်တက်နိုင်ကြောင်း မိုးဇလ သတိပေးချက်ထုတ်

မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ အပူချိန်တွေ ဧပြီ ဒုတိယပတ်အတွင်းမှာ ပိုပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သတိပေးချက် ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရခိုင် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အပူချိန်ဟာ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် (ဒါမှမဟုတ်) ၃၅ ဒီဂရီ ဖာရင်ဟိုက်ထိ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

လက်တလောအပူချိန်တွေဟာဆိုရင် နေပြည်တော်မှာ ၃၉ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်မြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့မှာ ၃၈ ဒီဂရီစင်တီဂရိတ်ထိ ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

အပူချိန်မြင့်တက်တာတွေကြောင့် အပူနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ပေါ်နိုင်ပြီး ရေရှားပါးမှု ပြဿနာတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့လည်း သူက သတိပေးပါတယ်။

ဒါ့ကြောင့် နေ့လယ်နေ့ခင်းအချိန်တွေမှာ ရေချိုးတာ၊ အမိုး အကာမပါဘဲ အချိန်ကြာကြာ နေပူထဲသွားလာတာတွေ မလုပ်သင့်ဘဲ အရိပ်တွေအောက်မှာ နေသင့်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။