ဇွန် ၁၄ အထိ မိုးများနိုင်ကြောင်း မိုးဇလ ထုတ်ပြန်
2018.06.10
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုးများနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
လာမယ့် ဇွန်လ ၁၄ ရက်နေ့အထိ ရက်ရှည် မိုးများနိုင်တာကြောင့် သတိပေးချက် ထုတ်ပြန်တာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။
"၁၀ ရက်ကနေ ၁၄ ရက်အထိပေါ့နော်။ မိုးကြီးမယ့် သတိပေးချက်ဆိုပြီးတော့ ပုံမှန်ဆိုရင်တော့ မုတ်သုံဝင်ပြီး သွားရင်တော့ မိုးကြီးမယ့် သတိပေးချက်ကို ထုတ်ပြန်လေ့ မရှိဘူးပေါ့နော်။ ဒီတစ်ခါတော့ မိုးက နည်းနည်းလေး များတဲ့ အနေထားမျိုးရှိတယ်ပေါ့နော်။ အခါတိုင်းမိုးရွာတဲ့အခါ၊ မိုးကြီးတာက တစ်ရက် နှစ်ရက်လောက် ရှိတာ။ အခုက ဒီမုတ်သုံကလည်း အားအလွန်ကောင်းနေတဲ့အတွက်ကြောင့် ၆ ရက် ၇ ရက်လောက် ဆက်ပြီး ဖြစ်နိုင်တဲ့ အနေထားလေးတွေ ရှိတယ်ပေါ့နော်။ မိုးကြီးမယ့် သတိပေးချက်ကို ထုတ်လိုက်တာပါ။ မိုးကြီးနေတာလည်း ၂ ရက် ၃ ရက်လောက် ရှိပါပြီခင်ဗျ"
လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေ စစ်တကောင်းမြို့အနားမှာ ရှိနေပြီး မနက်ဖြန်မှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။
အဲဒီအရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ မိုးထစ်ချုန်းရွာပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ၁၀ ပေ ကနေ ၁၅ ပေအထိ မြင့်နိုင်ပါတယ်။။ တောင်ကျချောင်းရေတွေ၊ မြစ်ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေအတွက် သတိရှိကြဖို့လည်း မိုးဇလဌာနက တိုက်တွန်းထားပါတယ်။
မိုးကြီးနိုင်တဲ့ အခြေအနေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တိုင်းကို သတိရှိကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးရုံးက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့လောက်ကစပြီး ဒုဌဝတီမြစ်ရေကြီးတာကြောင့် ရှမ်းပြည်နယ် သီပေါမြို့နယ် နမ့်လန် ကျေးရွာအုပ်စုမှာ လမ်းပိတ်တာတွေ၊ အိမ်တွေထဲ ရေဝင်တာတွေဖြစ်ခဲ့ပြီး ယာယီ နေရာရွှေ့ပြောင်းရတာတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာလည်း လမ်းတွေပေါ် ရေတွေတက်နေတာကြောင့် ယာယီ လမ်း ပိတ်ဆို့တာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။