တပ်ပိုင် မြဝတီဘဏ်နဲ့ အလုပ်မလုပ်ဖို့ Western Union ဆုံးဖြတ်


2020.01.08
myawaddy-bank-622.jpg ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြဝတီဘဏ်ကို တွေ့ရစဉ်
Photo: Sergey Doh/RFA

အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ လက်တွဲ လုပ်ကိုင်နေတာကို အဆုံးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ အင်္ဂလန်အခြေစိုက် Burma Campaign UK ရဲ့ ဇွန်နဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ Western Union ကုမ္ပဏီက သူတို့ဆီကို စာရေးသားပေးပို့လာတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ Burma Campaign UK အနေနဲ့ Western Union ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ရေးသားထားပါတယ်။

Western Union ဟာ ATM စက်တွေကနေ ငွေသွင်း၊ ငွေထုတ်ပေးတဲ့ ဝန်ဆောင်မှုတွေ၊ ပုဂ္ဂလိက ဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇ KBZ၊ ဧရာဝတီ အစရှိတဲ့ လုပ်ငန်းပေါင်း ရာနဲ့ချီပြီးတော့ မြန်မာနိုင်ငံမှာ ချိတ်ဆက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တဲ့ တပ်မတော်ပိုင် မြဝတီဘဏ်တစ်ခုတည်းကိုသာ အခုလို ရပ်ဆိုင်းတာဖြစ်တယ်လို့လည်း Burma Campaign UKရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

မြဝတီဘဏ်ဟာ တပ်မတော်ပိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် သို့မဟုတ် အရပ်သားတွေသိကြတဲ့ “ဦးပိုင်” ရဲ့ လုပ်ငန်းခွဲ တစ်ခုဖြစ်ပါတယ်။ Burma Campaign UK အဖွဲ့ဟာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေကို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးမလုပ်ကြဖို့ တိုက်တွန်းနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပတ်သက်တဲ့ လုပ်ငန်းတွေကို ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်း Dirty List အဖြစ် စာရင်းပြုစုဖော်ပြပါတယ်။

Western Union က တပ်ပိုင်လုပ်ငန်းနဲ့ မပတ်သက်တော့တဲ့ အတွက်လည်း Dirty List ကနေ ပယ်ဖျက်ပေးပြီ ဖြစ်ကြောင်းလည်း Burma Campaign UK က ရေးသားထားပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းသို့မဟုတ် တပ်နဲ့ ပတ်သက်တဲ့ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။