စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာမှာ အောက်တိုဘာ ၁၀ ရက်နေ့ညက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် လှတောရွာအပါအဝင် အနီးအနား ရွာခြောက်ရွာက ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
လှတော၊ ရွှေကျင်၊ ရေထွက်၊ မောက်ကြိုး၊ ကျီးကန် (တောင်) နဲ့ ကျီးကန် (မြောက်) ရွာက ဒေသခံတွေအားလုံး ထွက်ပြေးနေရတာပါ။
စစ်ကောင်စီတပ် အခြေစိုက်ထားတဲ့ လှတောရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မနေ့ညက ဝင်ရောက် တိုက်ခိုက်ချိန် ဒေသခံတွေ ထွက်ပြေးရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညက ခုနစ်နာရီလောက်မှာ စဖြစ်တာ။ တိုက်ပွဲက နှစ်နာရီလောက်ကြာတယ်။ အဲဒီအချိန်ကတည်းက ဒေသခံတွေ ရှောင်တိမ်းရတာပါ”
အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်မှတော့ လှတောရွာကို အင်အားတစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထပ်ရောက်လာပြီး မနက် ၉ နာရီဝန်းကျင်မှာ ရွာထဲက နေအိမ်တွေကို မီးစရှို့နေတယ်လို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်းအထိ နေအိမ်ဆယ်လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီကိစ္စအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိနေပါပြီ။