ဝက်လက်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စစ်ကြောင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံ သုံးထောင်နီးပါး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ နေထိုင်စရာ အမိုးအကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းက သုံးဆင့်ကန်ရွာ အပါဝင် ရွာ ၁၀ ရွာနီးပါးက မီးဘေးနဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ဝန်းကျင်ဟာ အခုချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ တောတိုက်ထဲတွေမှာ မိသားစုလိုက် နေထိုင်ကြရတာပါ။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန် မိုးရေထဲထွက်ပြေးခဲ့ရတာကြောင့် ရာသီတုပ်ကွေးပါဖြစ်နေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အလယ်အလတ်အဆင့် ရာသီတုပ်ကွေးဖြစ်နေကြတာရှိတယ်။ ကျွန်တော်တို့ လက်လှမ်းမီသလောက် ဆေးကုသမှုတွေပေးခဲ့တယ်။ ကလေးငယ်တွေလည်း ရက်ရှည်ဖျားနာတာရှိတယ်။ ဆေးဝါး၊ ရိက္ခာနဲ့ နေဖို့ အမိုးအကာတွေ အလုံအလောက်မရှိဘူး”

လက်ရှိ စစ်ကောင်စီတပ်တွေ ဝက်လက်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတာမရှိတော့ပေမယ့် နေအိမ်မီးရှို့ခံရတဲ့ ဒေသခံနဲ့ နေရပ်မပြန်ရဲကြသူတွေကတော့ တောတိုက်တွေထဲ ဆက်ပြီးနေကြတယ်လို့ သူက ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲက နောက်ထပ်ဒေသခံတစ်ဦးကတော့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာအတွက် ရွာတစ်ချို့နဲ့ ဘုန်းတော်ကြီးကျောင်းတွေက ကူညီပေးထားတယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ဝက်လက်မြို့နယ် သုံးဆင့်ကန်ရွာကို ဇူလိုင်လ ၁၃ ရက်မှာမီးရှို့ခဲ့လို့ နေအိမ်တစ်ရာနီးပါး ပျက်စီးခဲ့ပြီး ကျန်းမာရေးမကောင်လို့ ထွက်မပြေးနိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးလည်း မီးလောင်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၆ ရက်ကလည်း သမရိုးနဲ့ ရွှေပန်းကုန်းရွာကြားမှာ ဈေးရောင်းထွက်လာတဲ့ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။