ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်း သိမ်းပိုက်ခံရပြီး စခန်းမှူးအပါအဝင် ၁၆ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.11.25
ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်း သိမ်းပိုက်ခံရပြီး စခန်းမှူးအပါအဝင် ၁၆ ဦး ဖမ်းဆီးခံရ ဝက်လက်မြို့နယ် ရွှေပန်းကုန်းရဲစခန်းမှ ဖမ်းဆီးရမိခဲ့သူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေပန်းကုန်းရွာမှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲ တစ်နာရီကျော်အကြာမှာ စခန်းကိုသိမ်းနိုင်ခဲ့ပြီး လက်နက်နဲ့ ကျည် အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီစခန်းကိုသိမ်းနိုင်ဖို့အတွက် ပြင်ဆင်ခဲ့ရတာ အချိန်တော်တော်ကြာပါတယ်။ စခန်းသိမ်းခဲ့ပြီး အခုထိတော့ စစ်ကောင်စီတပ်က အထိုင်ပြန်ချတာမျိုး မတွေ့ရသေးဘူး”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသကလည်း အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်ငယ် (၃၁) လက်၊ ကျည်မျိုးစုံ (၆၄၀၀) ကျော်၊ လက်ပစ်ဗုံး (၃၂) လုံး၊ မိုင်း (၆) လုံး၊ ကျည်အိမ် (၃၈) ခု၊ ငွေကျပ် ကိုးသိန်းကျော်နဲ့ ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်ကလည်း သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုနိုဝင်ဘာလထဲမှာပဲ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ တပ်နဲ့ရဲကင်းစခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေလည်း ရှိလာပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ကျားတက်မြို့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျားတက်မြို့မှာရှိတဲ့ ရဲကင်းစခန်းမှူးအပါအဝင် ရဲတပ်သားလေးဦးနဲ့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။