ရန်ကုန်မြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ ရခိုင်ရိုးရာ သြင်္ကန်ပွဲကို မကျင်းပဖို့ ဆုံးဖြတ်

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ရခိုင်ရိုးရာယဉ်ကျေးမှု သြင်္ကန်ပွဲတော်ကို မကျင်းပဖို့ ဒီနေ့ ၁၆ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ၊ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်နေချိန်မှာ ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေက ပျော်ပွဲရွှင်ပွဲ မကျင်းပဖို့ ဆုံးဖြတ်လိုက်တာလို့ ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ နာယက ဒေါက်တာ စံလှကျော်က RFA ကို ပြောပါတယ်။

ကော်မတီ နာယကတစ်ဦးလည်းဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် လည်း ဒီနေ့ အစည်းအဝေးတက်ရောက်ခဲ့ပြီး သဘောတူဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် ရခိုင်ပြည်နယ် အေးချမ်းအောင် ဆုတောင်းတဲ့အနေနဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်တဲ့ပွဲကိုသာ ကျင်းပမှာဖြစ်ပြီး လောင်းလှေတွေနဲ့ ရေကစားတဲ့ပွဲတော်ကို မကျင်းပဖို့ သဘောတူဆုံးဖြတ်တာလို့ ဒေါက်တာ စံလှကျော်က ပြောပါတယ်။

နှစ်စဉ် ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားတွေဟာ ဘုရားရေသပ္ပာယ်ဖို့အတွက် နံ့သာသွေးတဲ့ ပွဲတော် ကျင်းပပြီး အဲဒီကရတဲ့ နံ့သာသွေးနဲ့ ဘုရားရေသပ္ပာယ်တာဖြစ်ပါတယ်။

အဲဒီနောက် သုဝဏ္ဏအားကစားကွင်းမှာ မဏ္ဏပ်တွေ ထိုးပြီး လောင်းလှေတွေနဲ့ ရခိုင်လူငယ်တွေ အချင်းချင်း ရေလောင်းတဲ့ ပွဲတော်ကို ကျင်းပလေ့ရှိတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဧပြီ ၁၂ ရက်နေ့မှာ ရခိုင်ဓမ္မာရုံမှာ ပုံမှန်ကျင်းပနေကျဖြစ်တဲ့ နံ့သာသွေးပွဲတော်ကို ကျင်းပပြီး ဧပြီ ၁၃ ရက်နေ့မှာ ဘုရားဆင်းတုတော်တွေကို ရေသပ္ပာယ်တဲ့ ပွဲတော်သာ ကျင်းပမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ၃လကျော်ကြာ ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ရခိုင်တိုင်းရင်းသား ၂သောင်းကျော် နေရပ်စွန့်ခွာနေရတယ်လို့ ရခိုင်လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။ အစိုးရရဲ့ စာရင်းတွေအရတော့ တိုက်ပွဲကာလအတွင်း ဒုက္ခသည် တစ်သောင်း ခုနစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောထားပါတယ်။