ဦးဝင်းထိန် ပြင်ဆင်မှုလျှောက်ထားချက် တရားလွှတ်တော်ချုပ် ကြားနာမည်

2022.07.15
ဦးဝင်းထိန် ပြင်ဆင်မှုလျှောက်ထားချက် တရားလွှတ်တော်ချုပ် ကြားနာမည် ဦးဝင်းထိန်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့ အမှုနဲ့ ပတ်သက်လို့ ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လာမယ့် ဇူလိုင်လ ၂၁ ရက် နေ့မှာ လက်ခံသင့်၊ မသင့် ကြားနာဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၂၄ (က) နဲ့ နေပြည်တော်က သီးသန့်တရားရုံးမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၉ ရက်က အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာပါ။

အဲဒီအမိန့်နဲ့ ပတ်သက်လို့ တိုင်းတရားလွှတ်တော်အဆင့်ကလည်း အယူခံကို ပယ်ချခဲ့ တာကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဆက်လက်လျှောက်ထားတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"အများစုကတော့ ပယ်ချတာပါပဲ။ ဒါပေမဲ့ ဥပဒေနဲ့မညီဘူးဆိုတာကို ထောက်ပြပြီးတော့ ကိုယ့်ဘက်ကတော့ တစိုက်မတ်မတ် တက်ထားဖို့လိုတယ်"

အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာသိမ်းမှုကို ဝေဖန်ခဲ့တဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

တပ်မတော် အရာရှိဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ဦးဝင်းထိန်ဟာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အဖြစ် ရပ်တည်နေရာကနေ ၁၉၈၈ ခုနှစ်မှာ NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပူးပေါင်းခဲ့ပြီး နဝတ စစ်အစိုးရက ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ငါးနှစ် ချခံခဲ့ရပါတယ်။

အဲဒီနောက် ၁၉၉၆ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်မံအဖမ်းခံရပြီး အင်းစိန်ထောင်၊ မြင်းခြံထောင်၊ မိထ္ထီလာထောင်၊ မန္တလေးထောင်နဲ့ ကသာထောင်တွေမှာ ၂၀၁၀ ပြည့်နှစ် အထိ ၁၄ နှစ်ကြာ နေထိုင်ခဲ့ရတာကြောင့် သူဟာ ထောင်ထဲမှာ စုစုပေါင်း နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့ရပြီးသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ထောင်ဒဏ် အနှစ် ၂၀ အတွက် မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီး အကျဉ်းကျခံနေရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိမှု နှစ်မှုကို ချေဖျက်ပေးဖို့အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဇူလိုင်လ ၁၃ ရက်နေ့က လျှောက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။