NCA မှာ လက်မှတ်ထိုးမယ့် အဖွဲ့တွေ ရှိကြောင်း ဦးဝင်းထိန် ပြော


2017.12.31
winhtein-622.jpg အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပတဲ့ NLD ပါတီရဲ့ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးတွင် တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာလက်မှတ်ထိုးမယ့်အဖွဲ့တွေရှိလာမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟိုဌာနချုပ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းထိန်က သတင်းမီဒီယာသမားတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အန်ကယ်တို့က ဖြတ်သန်းလာတဲ့အခါမှာ ၁၉၇၀၊ ၈၀ လောက်မှာ ဖက်ဒရယ်ဆိုတဲ့ စကားပြော ကြည့် ထောင်ကျတယ်၊ ဖက်ဒရယ်ဆိုတဲ့ ပြောတဲ့စကားပြောတဲ့လူက ပြည်ထောင်စုပြိုကွဲဖို့ လုပ်တယ်ဆိုတဲ့ သဘောတရားတွေ့တဲ့အတွက်ကြောင့်မို့ လုံးဝလက်မခံခဲ့ဘူး၊ အော်အခု အားလုံးက သဘောတူညီခဲ့တယ်၊ ဒါဟာဆိုရင် အင်မတန် ထူးခြားတဲ့တိုးတက်မှုဖြစ်တယ်၊ အဲဒီ ၃၇ ချက် ဟာ နောင်လာမယ့် အမျိုးသားငြိမ်းချမ်းရေးစာချုပ်မှာ အကျုံးဝင်သွားပြီဖြစ်တဲ့အတွက် အဲအတွက်မို့လို့ အရင်တုန်းက တစ်ခါမှမရခဲ့ဖူးတဲ့ ကတိတွေရခဲ့တယ်၊ သဘောတူညီချက်တွေ ရခဲ့တယ် အခုနောက်လာ မယ့် တတိယတစ်ကြိမ်မှာလည်း လက်မှတ်ထိုးမယ့်အဖွဲ့တွေ ရှိလာပြီဆိုတာတော့ ကြိုတင်ပြီး ပြောထား ချင်တယ်"

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အချိန်ကြာဦးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့အချက်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးနီးပါးလက်ခံထားပြီး အဓိကအနေနဲ့ တပ်မတော်က လက်ခံထားတယ်လို့ ဦးဝင်းထိန် ကပြောပါတယ်။

မွန်ပြည်သစ်ပါတီက NCA မှာ လက်မှတ်ရေးထိုးမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးဖြတ်ထားပြီး ဘယ်နေ့ဘယ်ရက်မှာ လက်မှတ်ထိုးမယ်ဆိုတာ လက်ရှိအချိန်မှာ မပြောနိုင်သေးဘူးလို့ ပြောထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ ပထမဗဟိုကော်မတီ၊ အဋ္ဌမအကြိမ်အစည်းအဝေးပွဲအပြီးမှာ အလုပ် အမှုဆောင်အဖွဲ့တွေကို အစားထိုးဖြည့်ဆည်းဖို့၊ ပါတီစည်းရုံးရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်ဖို့၊ ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီဆောင်ရွက်ဖို့၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အဆင့်ဆင့်ကို ပြန်လည် ဖွဲ့စည်းဖို့၊ စစ်ဘေးဒုက္ခသည်တွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီဖို့ စတဲ့ အချက် ၆ ချက်ပါတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေလည်း ရေးဆွဲခဲ့ပါတယ်။ ရှေ့လုပ်ငန်းစဉ်တွေထဲမှာ ကြားဖြတ်ရွေးကောက် ပွဲ အောင်နိုင်ရေးးကိုဦးတည်ဖို့ ဒုတိယအကြိမ် ပါတီညီလာခံကျင်းပဖို့တို့ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်၊ ပါတီဗဟိုကော်တီဝင် ၁၀၀ ကျော်၊ အရံဗဟိုကော်မတီဝင်တွေ၊  ပြည်နယ်တိုင်း အလုပ်အမှုဆောင် ဥက္ကဋ္ဌတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဝန်ကြီးချုပ်တွေ စုစုပေါင်း ၁၂၈ ဦး တက်ရောက်ခဲ့ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။