အမျိုးသားသင့်မြတ်မှ ဖွဲ့စည်းပုံပြင်နိုင်မယ်လို့ လွှတ်တော် ဥက္ကဌပြောကြား

0:00 / 0:00

လက်ရှိလွှတ်တော်သက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်မှာ ဖြစ်ပေမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိပြီးချိန်မှသာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ထိရောက်နိုင်မှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် လွှတ်တော်ဝန်းအတွင်းက ဇမ္ဗူသီရိခန်းမဆောင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ့် အခြေအနေကို မေးမြန်းရာမှာ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဖြေကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့က ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့တဲ့သူပါ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုပြီးတော့ ကျနော်တို့ ဒီ ၃ ချက်နဲ့ အဓိကဝင်ခဲ့တာပါ၊ ဒါကြောင့်မို့လို့ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ဟာက အခုနကပြောသလို ကျနော်တို့နိုင်ငံဟာ တရားဥပဒေစိုးမိုးပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေးရှုပြီးတော့၊ ပြည်တွင်း ငြိမ်းချမ်းရေးတွေ ရနေပြီးတော့လုပ်မှ အဆင်ပြေနိုင်မယ်၊ ဒါကို ဒီသက်တမ်းမှာလုပ်မယ်၊ ဒါတော့ ကျနော်ပြောနိုင်တယ်"

သတင်းထောက်တစ်ဦးက လွှတ်တော်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အပေါ် လွှမ်းမိုးမှု ရှိသလားလို့ မေးမြန်းတာကို ဦးဝင်းမြင့်က ဝင်ရောက် စွက်ဖက်မှု၊ လွှမ်းမိုးမှုမရှိကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်ဥက္ကဌက အစိုးရအဖွဲ့အပေါ် ကာကွယ်ပေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အစိုးရအဖွဲ့ကို ကာကွယ်ပေးတာမရှိဘဲ အစိုးရကို စောင့်ကြည့် ထိန်းညှိပေးနေ တာဖြစ်ကြောင်း ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို ၄လကြာ ကျင်းပပြီးနောက် တစ်လနီးပါးကြာ ရပ်နားမှာဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးတွေကို ဒီနေ့ နောက်ဆုံး ကျင်းပတာဖြစ်ပြီး လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။