ဒုတိယသမ္မတအဖြစ် ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်က ဒီနေ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
ဒုတိယသမ္မတလောင်းတွေအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသောင်းအေးနဲ့ NLD ပါတီက ဦးဝင်းမြင့် တို့ကို အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲပေးသူစုစုပေါင်း ၃၀၄ ဦးရှိပြီး ဦးဝင်းမြင့်ကို ထောက်ခံမဲအရေအတွက် ၂၇၃ မဲနဲ့ ဒုသမ္မတအဖြစ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မနေ့က ပြည်သူ့လွှတ်တော်ဥက္ကဌနေရာအတွက် အဆိုတင်ရာမှာလည်း ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကသာ မဲပေးခွင့် ရှိတာဖြစ်တဲ့အတွက် တပ်မတော်သားကိုယ်စားလှယ် ၂၅% တက်ရောက်ခြင်း မရှိပါဘူး။
ဒုတိယသမ္မတ ဦးဝင်းမြင့်ဟာ NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာမှာ ၁၉၅၁ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပါတယ်။ ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ဥပဒေဘွဲ့ကို ရရှိခဲ့ပါတယ်။ သူဟာ ဧရာဝတီတိုင်းမှာ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
လာမယ့် သီတင်းပတ်အတွင်း ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ တို့ သုံးဦးထဲက နိုင်ငံတော်သမ္မတနေရာကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။
ဒုတိယသမ္မတ ဦးဝင်းမြင့်ဟာ သမ္မတ ဖြစ်လာဖို့ သေချာတယ်လို့ အန်အယ်လ်ဒီပါတီ အသိုင်းအဝိုင်း က ပြောပါတယ်။