ပြည်သူ့လွှတ်တော်သစ်မှာ ဥက္ကဌသစ် မိန့်ခွန်းပြောကြား
2016.02.01
ဒီကနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာကောင်း တဲ့ နေ့တစ်နေ့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အများစုတက်ရောက်တဲ့ ပြည်သူ့လွှတ်တော် ပထမနေ့အစည်းအဝေး ကို နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ မနက်က စတင်လိုက်ပြီး ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်က အဖွင့်မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
"ဒီနေ့ဟာ မြန်မာနိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့ တစ်နေ့ဖြစ်ပါတယ်၊ အထွေထွေရွေးကောက်ပွဲ များကျင်းပပြီး၊ ပြုပြင် ပြောင်းလဲရေးအတွက် ပြည်သူ လူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်၊ ပြည်သူများ လိုလားမျှော်လင့်တောင်းတနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံသူ၊ နိုင်ငံသားများက ၎င်းတို့ကိုယ်စားလုပ်ပိုင် ခွင့်လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြ ပါတယ်"
ဒုတိယဥက္ကအဖြစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စားဝတ်နေရေးနဲ့ သွားလာရေးအတွက် စီစဉ်ပေးတဲ့ နာယက သူရဦးရွှေမန်း ကိုလည်း ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့ရဲ့ အပြောအဆို အပြုအမူ အနေအထိုင်တွေက အရေးကြီးသလို မိမိတို့တွေးခေါ်မှုတွေဟာလည်း လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီအရေးကို လိုလားကြတဲ့ နိုင်ငံသားတွေအတွက် စံနမူနာ ဖြစ်သင့်ကြောင်း ဦးဝင်းမြင့်က တိုက်တွန်းပြောကြားပါတယ်။
ပထမနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကိုယ်စားလှယ် ၄၃၃ ယောက်ရှိရာမှာ ၄ ဦးက ခွင့်ပန်ကြားခဲ့ပါတယ်။ ခွင့်ပန်ကြားသူတွေထဲမှာ လက်ရှိတာဝန်ယူထားဆဲ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း တို့လည်း ပါဝင်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီက ၂၅၅ ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃၀ ၊ ရခိုင် အမျိုးသားပါတီက ၁၂ ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲွ့ချုပ်က ၁၂ ဦး စတဲ့ ပါတီပေါင်း ၁၁ ပါတီက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စား လှယ် ၁ ဦး စုစုပေါင်း ၃၂၃ ဦးဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ် ၁၁၀နဲ့ ပေါင်းလိုက်ရင် ကိုယ်စားလှယ် ၄၃၃ ဦးဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ဦးဝင်းမြင့် ပြောကြားတဲ့ မိန့်ခွန်းထဲကတချို့ကို အာအက်ဖ်အေ သတင်းထောက် ကိုဝင်းကိုကိုလတ်က ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးနဲ့ ဥက္ကဌအသစ် ဦးဝင်းမြင့်ရဲ့ နှုတ်ခွန်းဆက်စကားအပေါ် အတိုက်အခံပါတီ ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ NLD ကိုယ်စားလှယ်အများစု လွှတ်တော်မှာ တရားဝင်တက်ရောက်ခွင့်ရတဲ့နေ့ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ စတင်တဲ့နေ့လို့ နိုင်ငံရေးခေါင်းဆောင်တွေက ရှုမြင်သုံးသပ်ကြပါတယ်။
RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။