ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်အမှု ပြန်စိစစ်ဖို့ မိခင်ဖြစ်သူ အသနားခံစာတင်
2015.10.08
ပြစ်ဒဏ်ကာလ ကျော်လွန်နေတဲ့အပြင်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း လွတ်မလာဘဲ၊ အခုထိ သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေရတဲ့ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်ရဲ့အမှုကို ပြန်လည်စိစစ်ပေးဖို့ မိခင်ဖြစ်သူ ဒေါ်သန်းဌေးက သမ္မတဦးသိန်းစိန်ထံ အောက်တိုဘာလ ၇ ရက်နေ့က အသနားခံစာတင်လိုက်ပါတယ်။
ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်ဟာ စစ်ရေးလျှို့ဝှက်ချက်ပေါက်ကြားမှု အပါအဝင်၊ တခြားစွဲချက်တွေနဲ့ ပြစ်ဒဏ် ကျခံနေရတာပါ။
သူ့အမှုကိုပြန်စိစစ်ဖို့ ဇနီးဖြစ်သူ ဒေါ်ခင်မိုးဆန်းက ပဲခူးတိုင်းတရားသူကြီးချုပ်ဆီ အသနားခံစာ တင်ခဲ့ဖူးပေမဲ့၊ အကြောင်းမထူးတဲ့အတွက်၊ အခုတခါ မိခင်ဖြစ်သူက သမ္မတဆီ အသနားခံစာတင်တာဖြစ်ကြောင်း AHRC အာရှ လူ့အခွင့်အရေးကော်မရှင် ရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။
"ထိုက်သင့်တဲ့ပြစ်ဒဏ်တွေမှာ ကျော်လွန်ပြီးကျခံနေရတာနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေးတွေ နစ်နာ ဆုံးရှုံးနေတယ်ဆိုပြီးတော့ ပြည်ထောင်စု တရားစီရင်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၈ နဲ့ ပဲခူးတိုင်းတရား သူကြီးချုပ်ထံကို တင်ပြခဲ့တယ်၊ အကြောင်းမထူးတဲ့အတွက် အခုနောက်ဆုံးအနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ သမ္မတအကြံပေး စတဲ့သူတွေဆီကို အသနားခံစာတင်သွင်းတယ်၊ အသနားခံစာမှာ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်အနေနဲ့ သတ်မှတ်ထားတဲ့ပြစ်ဒဏ်တွေကို ရက်လွန်ပြီးတော့ ခံစားနေရတယ်၊ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ပေးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ရရှိသင့် တဲ့လျော့ရက်တွေကို ခံစားရခြင်းမရှိဘူးဆိုတာတွေကို ဖော်ပြပြီးလျှောက်ထားတယ်လို့ ကျနော်တို့ သိရပါတယ်"
ဖြစ်စဉ်တူ၊ ပုဒ်မတူ၊ ပြစ်ဒဏ်တူတဲ့သူတွေ၊ သူ့ထက် ပြစ်မှု ပြစ်ဒဏ်တွေ ပိုကြီးမားသူတွေ လွတ်မြောက်သွား ခဲ့ကြပေမဲ့၊ ဗိုလ်မှူးဟောင်း ဦးဝင်းနိုင်ကျော်ကတော့ ကျန်နေဆဲဖြစ်နေတယ်လို့ အသနားခံစာမှာပါရှိပါတယ်။
ဦးဝင်းနိုင်ကျော်ဟာ မျက်မြင်သက်သေနဲ့ မူရင်းသက်သေခံ အထောက်အထားမရှိဘဲ ပြစ်ဒဏ်ကြီး ကျခံခဲ့ရ တာဖြစ်ပြီး၊ နိုင်ငံမှာသမ္မတက ပြစ်ဒဏ်သက်သာခွင့် သုံးကြိမ်ပေးခဲ့ပေမဲ့၊ တစ်ကြိမ်သာ ခံစားခွင့်ရတယ်လို့လည်း ဖော်ပြပါတယ်။
ဒါ့အပြင် အကျဉ်းထောင်ဥပဒေအရ အကျဉ်းသားတိုင်း သာမန်လျှော့ရက်ခံစားခွင့်ရပေမဲ့၊ ဦးဝင်းနိုင်ကျော်မှာတော့ အပြည့်အဝမခံစားရကြောင်း၊ သူ့အပေါ်ချမှတ်ခဲ့တဲ့ ပုဒ်မတွေထဲမှာပါဝင်တဲ့ အီလက်ထရွန်းနစ်ဥပဒေ ပြစ်ဒဏ် ကာလကို နိုင်ငံတော်က ပြင်ဆင်လိုက်ပေမဲ့ သူ့မှာတော့ ခံစားခွင့်မရတဲ့အကြောင်းတွေလည်း အသနားခံစာမှာ ပါဝင်ပါတယ်။
ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်ဟာ ၂၀၀၉ ခုဇူလိုင်မှာ ဖမ်းဆီးခံရပြီး ၂၀၁၀ ဇန်နဝါရီလမှာ သေဒဏ်ချမှတ်ခံရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းက မှတ်တမ်းပြုစုထားပါတယ်။
သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပေးပေမဲ့ ခံစားခွင့် မရသူတွေထဲမှာ စစ်ခုံရုံးက ပြစ်ဒဏ်ချမှတ်ခံရသူတွေ ပါဝင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး AHRC အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦး ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။









