ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပုန်းဆိုးပြိန်ကျေးရွာမှာ မေလ ၁၃ ရက်နေ့ မနေ့က မိုခါမုန်တိုင်းဒဏ်ကြောင့် အုန်းပင်လဲကျမှာကို စိုးရိမ်ပြီး ခုတ်လှဲရာကနေ အမျိုးသမီးတစ်ဦး အုန်းပင်ပိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူဟာ ရမ်းဗြဲမြို့နယ် ခေါင်းဆွဲတောင်ရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ဒေါ်ရွှေမာတင် ဖြစ်ပြီး ပုန်းဆိုးပြိန်ကျေးရွာမှာ မုန်တိုင်းရှောင်နေစဉ် အခုလို အုန်းပင်ပိ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူက ခေါင်းဆွဲတောင်ရွာက အမျိုးသမီးပါ။ ဖြစ်တာကတော့ ပုန်းဆိုးပြိန်ရွာမှာ ဖြစ်တာပေါ့။ အဲဒီမုန်တိုင်းကြောင့် သစ်ပင်တွေလဲကျရင် အန္တရာယ်တွေ မဖြစ်အောင်လို့ အုန်းပင်တွေခုတ်ရင်းနဲ့ သူကို ထိသွားတာပေါ့ဗျာ၊ အုန်းပင်လဲကျ ပိပြီးတော့ သေဆုံးတာ”
ပင်လယ်ကမ်းခြေနဲ့နီးတဲ့ ရမ်းဗြဲမြို့နယ်မှာ မေလ ၁၃ ရက် မနေ့ညက စတင်ကာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်တာကြောင့် သစ်ပင်တွေပြိုလဲတာ၊ နေအိမ်ထိခိုက် ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
လက်ရှိ စစ်တွေမြို့နယ်မှာတော့ လေပြင်းမုန်တိုင်း စတင်တိုက်ခတ်နေပြီ တစ်နာရီကို မိုင် ၆၀၊ ၇၀ လောက်ရှိနိုင်တယ်လို့ စစ်တွေမြို့မှာရှိတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ စက်ဝန်းဟာ ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့အနီးကနေ ကုန်းမကို စတင်ဝင်ရောက်နေတဲ့အတွက် အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက် ၁၀ နာရီခွဲအချိန်က ထုတ်ပြန်သတိပေးထားပါတယ်။