ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အရေးယူပေးဖို့ အလုပ်သမား ရာချီ ဆန္ဒပြတောင်းဆို
2024.11.13
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်က ပန်းပုထုတ်လုပ်တဲ့ စက်ရုံ ချားရစ်ခ် (CHARIS COMPANY LLMITED ) မှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို လက်မခံကြောင်းနဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးရေးအတွက်ပါ အလုပ်သမားနှစ်ရာကျော်က ဆန္ဒပြတောင်းဆိုနေကြပါတယ်။
စက်ရုံကပေးရမဲ့ ဆုကြေးကို မပေးနိုင်တာကြောင့် အချိန်ပိုမဆင်းနိုင်ဘူးဆိုပြီး ပြန်ကြတဲ့ အလုပ်သမားတွေထဲက အမျိုးသမီး နှစ်ဦးကို တရုတ်နိုင်ငံသား စက်ရုံ ဒါရိုက်တာက ကိုယ်ထိလက်ရောက်ကျူးလွန်တာကနေ စပြီး အလုပ်သမား ၁၃ ဦးအထိ အလုပ်ထုတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအိက ပြောပါတယ်။
“တရုတ်နိုင်ငံသား ဒါရိုက်တာက အလုပ်သမားတွေကို လိုက်ပြီးတော့ ဆွဲလားရမ်းလားလုပ်တယ်ပေါ့နော်။ အလုပ်သမားတွေက လက်မခံတော့ အမျိုးသမီး အလုပ်သမား နှစ်ယောက်ကို ဆောင့်တွန်းလိုက်တာ ဖင်ထိုင် လျက် လဲကျသွားတယ်တဲ့။ သူတို့ နှစ်ယောက်အပါအဝင် တခြားအလုပ်သမားတွေကိုပါ လက်မှတ်ထိုးပြီး အလုပ်ထုတ်တာ”
ဒါကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ တရုတ်နိုင်ငံသားကို အလုပ်ထုတ်ပေးဖို့အပါအဝင် တောင်းဆိုချက် ၁၇ ချက်ကို နို၀င်ဘာ ၆ ရက်နေ့မှာ နေ့စားအလုပ်သမားတွေအပါအဝင် အလုပ်သမား ငါးရာ နီးပါးက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ ဒီနေ့မှာတော့ အလုပ်သမား နှစ်ရာဝန်းကျင်ဟာ စက်ရုံပြင်ပကနေ ဆက်ပြီးတောင်းဆိုဆန္ဒပြနေကြပါတယ်။
ဒီပြဿနာကို ဖြေရှင်းပေးဖို့ဆိုပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ နယ်မြေ ပိုင်ရဲတွေ လာခဲ့ပေမဲ့ ရဲစခန်းမှာ အမှုသွားဖွင့်ပြီး စက်ရုံကိုတရားစွဲဖို့ပဲ ပြောသွားတယ်လို့ အလုပ်သမားတွေရဲ့ ပြောပြချက်ကို မအိက ပြန်ပြောပြပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အလုပ်သမားတွေကို တရားစွဲမယ် ဆိုပြီး စက်ရုံထဲမှာ ကြေညာစာကပ်ထားတယ်လို့လည်း သူက ပြောပါတယ်။
အခုအခြေအနေကို ဒီစက်ရုံကနေ ထုတ်လုပ်ပေးနေတဲ့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေက အမြန်ဆုံး ဖြေရှင်းပေး နိုင်ဖို့ အလုပ်သမားတွေက FGWM ကို အကူညီတောင်းလာတာဖြစ်လို့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတဲ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကိုလည်း တိုင်စာပို့ထား တယ်လို့ ပြောပါတယ်။
အခုအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။