စာရေးဆရာ မျိုးကိုမျိုး ကွယ်လွန်

စာပေနဲ့အနုပညာလောကမှာ လူသိများထင်ရှားတဲ့ စာရေးဆရာ မျိုးကိုမျိုး ခေါ် ဦးမျိုးမင်းယုဟာ သြဂုတ် လ ၁၇ ရက်နေ့ ညနေက ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။ သူဟာ ပုံမှန်အားဖြင့် ကျန်းမာသန်စွမ်းပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ဖျားနာပြီး အခု ကွယ်လွန်တာ ဖြစ်လို့ ကိုဗစ်ရောဂါကြောင့်လို့ ယူဆတဲ့အကြောင်း ညီမဖြစ်သူ မသန္တာယုက ပြောပါတယ်။

ဆရာမျိုးကိုမျိုးဟာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတစ်ယောက် ဖြစ်သလို၊ ၁၉၉၀ လွန်ကာလမှာ ထောင် ၆ နှစ် ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။ သူဟာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုရဲ့ အစ်ကိုလည်း ဖြစ်ပါတယ်။ ဆရာ မျိုးကိုမျိုးဟာ စစ်အစိုးရခေတ် ထောင်က ပြန်လွတ်လာပြီးတဲ့နောက် စာပေ၊ ရုပ်ရှင်၊ အနုပညာလောကမှာ စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာအဖြစ် ရပ်တည် နေခဲ့ပါတယ်။

ထောင်နံရံမှ မှတ်တမ်း၊ ကြောက်ခေတ်မှာ ရေးခဲ့သော ကျောက်ထွင်း မှတ်စုများ၊ မြို့တော်ရန်ကုန်မှ ကြိုဆိုပါ၏၊ မောင်ရေးခဲ့တဲ့ မောင့်ရဲ့သမိုင်း၊ နတ်သမီးချည်တိုင် အလွမ်းမဖောက်နိုင်၊ အချစ်နန်းတော်သွား တောလား စတဲ့စာအုပ်တွေ အပါအဝင် လုံးချင်းစာအုပ် ဒါဇင်နဲ့ချီ ရေးသားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၅ နှစ်ထဲ ရောက်နေပြီး ဇနီးသည်နဲ့ သားတစ်ယောက် ကျန်ခဲ့ပါတယ်။

သြဂုတ် ၁၆ ရက်နေ့ကတော့ ဓာတ်ပုံပညာရှင်၊ စာရေးဆရာ၊ တေးရေးတေးဆို ခွါနီး၊ ကဗျာဆရာ မုန်းဆန်းညွန့်ဦးနဲ့ ကဗျာဆရာမ မော်မော်အောင် (ရွှေဘို) တို့ ကွယ်လွန်သွားပါတယ်။ သြဂုတ် ၁၅ ရက်နေ့ကတော့ စာရေးဆရာ ကဗျာဆရာ ရွှေဒါးမောင်လေးရည်နဲ့ လက္ခဏာနဲ့ နက္ခတ္တဗေဒပညာရှင် စာရေးဆရာ ချမ်းမင်းတို့ ကွယ်လွန်သွားပါတယ်။

အခုဆိုရင် RFA က ပြုစုထားတဲ့ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးရတဲ့ စာပေနဲ့ အနုပညာလောကက ထင်ရှားတဲ့ ပုဂ္ဂိုလ် အယောက် ၁၃၀ ကျော်ပြီ ဖြစ်ပါတယ်။