စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်က ရွာပေါင်း ၂၀ ကျော်မှာ ဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာတွေထဲ ဝင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး ဒေသခံတွေ ထွက်ပြေးနေရတာလို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
“ညပိုင်းတွေကျရင်လည်း လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာတွေရှိတယ်။ ကျေးရွာတစ်ရွာမှာ လူ ငါးရာကျော်လောက်ရှိတယ်။ ရွာပေါင်းနှစ်ဆယ်ကျော်ဆိုရင် စစ်ရှောင်ပြည်သူအင်အားလည်း အတော်များတယ်။ သိထားတဲ့ရွာတွေရှိသလို ဘေးကတခြားရွာတွေလည်း ပါဦးမယ်။ ဆွေမျိုးသားချင်းတွေ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်တာတွေရှိတယ်။ ပြီးခဲ့တဲ့ဇွန်လကတည်းက ရွာတွေလှည့်ပြီး မီးရှို့နေတဲ့စစ်ကြောင်းတစ်ခုပဲဗျ။ ခင်ဦးနယ်မှာဝင်ပြီး လက်နက်အင်အားဖြည့်တာ ရှိတယ်”
ဇူလိုင်လ ၁၉ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ရေဦးမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက် စတဲ့ ရွာတွေနဲ့ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ အောင်ချမ်းသာ၊ သရက်တော၊ သပြေသာ၊ ကံကုန်း၊ ဝဲကြီး စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ရေဦးနယ်တောင်ဘက်ခြမ်းက ဘုန်းကြီးကျောင်းတချို့မှာ တပ်စွဲထားတယ်လို့လည်း သူက ပြောပါတယ်။
ထွက်ပြေးနေရသူတွေအတွက် စစ်ဘေးဒုက္ခသည်စခန်း သီးသန့်မဖွင့်နိုင်ဘဲ ကူညီပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က တာဝန်ခံတစ်ဦးက ပြောပါတယ်။
"စကောတစ်ချပ်တည်းကို ဇီးဖြူသီးလှိမ့်သလိုပဲဗျာ။ တောင်က စစ်ကြောင်းလာရင် မြောက်ကိုပြေးတယ်။ မြောက်က စစ်ကြောင်းလာရင် တောင်ကိုပြေးတယ်။ ရှေ့ကလာရင် နောက်ကိုပြေးတယ်။ အမြဲစစ်ရှောင်ဆိုတဲ့နေရာတော့ သီးခြားမရှိပါဘူး"
ဒီလအတွင်းမှာပဲ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း နဲ့ ရွှေဘိုမြို့နယ်တွေကို စစ်ကောင်စီ စစ်ကြောင်းတွေ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစောနိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ထွက်ပြေးနေရတဲ့ ဒုက္ခသည်အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။