ရန်ကုန်မှာ ညမထွက်ရအမိန့် ထပ်ထုတ်ပြန်

RFA Burmese
2024.08.30
ရန်ကုန်မှာ ညမထွက်ရအမိန့် ထပ်ထုတ်ပြန် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ရှိ ကော့မှူးမြို့တစ်နေရာကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)
Photo: RFA

ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းက ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်ကလွဲပြီး ကျန်တဲ့ မြို့နယ် ၃၁ မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထပ်မံ ထုတ်ပြန်လိုက်တယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီက ဩဂုတ်လ၂၇ ရက်နေ့မှာ ကြေညာပါတယ်။

ကန့်သတ်တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ မြို့နယ် ၃၁ မြို့နယ်ကို မနက် ၁ နာရီကနေ ၃ နာရီအထိ ညမထွက်ရ အမိန့်နဲ့ ထုတ်ပြန်တာပါ။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့လည်း စစ်အုပ်ချုပ်ရေးအမိန့် မရုပ်သိမ်းဘဲ ညမထွက်ရမိန့် ထုတ်ပြန်မှုမှာ ထည့်သွင်းထားပါတယ်။

ဒါဟာပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက ရန်ကုန်တိုင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့် သတ်မှတ်ချက်ကိုပဲ ထပ်မံထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဒီလို ကန့်သတ်တားမြစ်မိန့်ကြောင့်ည ၈ နာရီမထိုးခင် အလုပ်တွေ ရပ်နားထားရတယ်လို့ ဘုရင့်နောင်ပွဲရုံမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။

“ညရှစ်နာရီကျော်ရင် ကျွန်တော်ဆီက အလုပ်သမားတွေ မပြန်ရဲကြတော့ဘူးလေ။ ကျွန်တော်ဆီက အလုပ်သမားတွေက မြောက်ဒဂုံကရှိတယ်။ ကျွန်တော်ဆိုလည်း တောင်ဒဂုံကနေ လာလုပ်ရတာ။ ပြီးတော့ နောက်တစ်ယောက်ဆို တွံတေးဘက်ကနေ လာလုပ်ရတာ။ ရှစ်နာရီဆိုရင် လုံးလုံးသွားလို့လာလို့ မရတော့ဘူး။ အဲဒါကြောင့်မို့လို့ သူတို့လည်း ရှစ်နာရီကျော်ရင်တော့ သွားလို့မရတော့ဘူး။ ဘုရင့်နောင်ထဲမှာ အိပ်ရင်အိပ်၊ မအိပ်ရင် သူငယ်ချင်းတစ်ယောက်ဆီမှာလိုက်အိပ်။ အဲဒီလိုတွေ ဖြစ်နေတာ

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဩဂုတ်လ ၃၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဧပြီလ ၂၅ ရက်နေ့ကလည်း ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ထဲက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေမှာ အရင်က ထုတ်ပြန်ထားတဲ့ မနက် ၁ နာရီကနေ ၃ နာရီအတွင်း ညမထွက်ရအမိန့်အစား ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။