ရန်ကုန်မှာ မိုးသည်းထန်ပြီး မြို့နယ်တချို့ ရေလျှံ
2024.10.21
ရန်ကုန်တိုင်းမှာ အောက်တိုဘာ ၂၀ ရက် မနေ့ညကစလို့ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဒီနေ့မနက်ပိုင်းမှာတော့ မြို့နယ်တချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
တာမွေ၊ ဒဂုံ၊ ကမာရွတ်၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တို့ အပါအဝင် မြစ်နဲ့ နီးတဲ့နေရာတွေမှာ ရေလျှံနေတာလို့ ဆိုပါတယ်။
ဒီနေ့မနက်ပိုင်း မိုးရွာသွန်းမှု အခြေအနေအရ မင်္ဂလာဒုံမြို့နယ်မှာ ၅ ဒသမ ၅၃ လက်မနဲ့ အများဆုံးရွာခဲ့သလို လှိုင်သာယာနဲ့ လှည်းကူးမြို့နယ်တွေမှာလည်း မိုးများခဲ့တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က RFA ကို ပြောပါတယ်။
“ရန်ကုန်တိုင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ ရန်ကုန်တိုင်းမှာ မိုးများနေတဲ့ အနေအထားပေါ့။ ညကနေစပြီးတော့ တစ်ညလုံး နောက်အခု တစ်မနက်လုံး ရွာနေတာ ခုနကမှ မိုးစဲသွားပါတယ်။ အဲဒီလို အနေအထားမျိုးတော့ ရှိတယ်”
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း အောက်တိုဘာ ၂၂ ရက် မနက်ဖြန်မှာ မုန်တိုင်းငယ်အဆင့်နဲ့ ၂၃ ရက်နေ့မှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တာတယ်လို့လည်း မိုး/ဇလဌာနက သတိပေးပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကတော့ ရာဂီမုန်တိုင်း အရှိန်ကြောင့် နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုတွေနဲ့ ကြုံခဲ့ရပြီး လူပေါင်း ၅၂၀ ခန့် သေဆုံး၊ ပျောက်ဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပါတယ်။