ရန်ကုန်က စက်မှုဇုန်များ တစ်နေ့ လေးနာရီသာ လျှပ်စစ်မီးရတော့မည်
2024.11.01
ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်အားလုံးကို တစ်နေ့ လေးနာရီသာ လျှပ်စစ်မီးပေးတော့မယ်လို့ စစ်ကောင်စီ အာဏာပိုင်တွေက အောက်တိုဘာ ၃၁ ရက်နေ့မှာ အကြောင်းကြားလာတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တွေက ဒီနေ့ RFA ကို အတည်ပြုပြောပါတယ်။
အရင်က မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရှစ်နာရီ လျှပ်စစ်မီးရနေတာကနေ လက်ရှိမှာ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ လေးနာရီပဲ လျှပ်စစ်မီး သုံးစွဲခွင့်ရတော့မယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုက အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ပိုပြီး ဒုက္ခရောက်စေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ဒဂုံစက်မှုဇုန်က လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ကတည်းကစပြီး တစ်နေ့ကို လေးနာရီပဲ မီးကလာတော့တယ်။ ကျန်တဲ့အချိန် မီးစက်နဲ့ သုံးနေရတယ်။ မီတာခတွေ နှစ်ဆကျော် သုံးဆနီးပါး ယူထားတာတောင် မီးကိုပုံမှန်မပေးနိုင်တော့တာပါ။ သူတို့က အခုလို မီးကိုပုံမှန်မပေးနိုင်တော့ ကျွန်တော်တို့ လုပ်ငန်းတွေ အများကြီးထိခိုက်တယ်။ အလုပ်သမားတွေလည်း နစ်နာတယ်။ ဒီဇယ်တစ်ပီပါ ရှစ်သိန်းဝန်ကျင်ဆိုတော့ ညဘက်မီးလာတဲ့ အချိန်တွေမှာ အလုပ်သမားတွေကို အိုဗာတိုင် ခေါ်ရမလိုဖြစ်နေပြီ”
နာရီလျှော့ပြီး လေးနာရီပဲ လျှပ်စစ်မီးပေးတဲ့ အချိန်အတွင်းမှာလည်း အချိန်ပြည့်မလာဘဲ ကြားထဲမှာ မီးထပ်ပျက်တာနဲ့ ကြုံရတယ်လို့သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်နေ့ကစပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားခတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေငြာပြီးတဲ့နောက်ပိုင်း မီတာခတွေ ပိုဆောင်နေရတဲ့အပြင် ကုန်ထုတ်လုပ်မှုစရိတ်များလာပြီး ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တက်လာတယ်လို့ လုပ်ငန်းရှင်တွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောထားပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိပေမဲ့ လက်ရှိတစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်သာ ထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။