ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၆၀၀ ကျော် ရှင်းလင်းခဲ့ဟု ရန်ကုန်စစ်ဒေသခွဲ ထုတ်ပြန်
2023.06.03
ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်း စစ်ဒေသခွဲအနေနဲ့ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“ဗိုလ်မှူးကြီးအဆင့်အပါ ရန်သူ့စကစဘက်က လူ ၆၀၀ ကျော် သေဆုံးတာကို ဆိုလိုတာပါ၊ ဥပမာ သင်္ကြန်တွင်းက လှိုင်သာယာဖြစ်စဉ်လိုဟာမျိုးတွေ၊ ဂွစျေးဘက်မှာ DC ပေါ်လက်ပစ်ဗုံးပစ်တဲ့ဟာမျိုးတွေ၊ ပြီးတော့ လေတပ်က လေကြောင်းလက်နက်ပြင်ဆင်ရေးဌာနက ဒုတိယဗိုလ်မှူးကြီးမြင့်ဝေ အဲလိုမျိုးတွေကို ဆိုလိုတာပါ”
ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ တာဝန်ခံတစ်ဦး ပြောသွားတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ထိခိုက်ဒဏ်ရာရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး မြို့ပြစစ်ဆင်ရေးပေါင်း နှစ်ထောင်ကျော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးအတွင်း တော်လှန်ရေးအဖွဲ့ဘက်က ၈၀ ကျော်ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ရာလောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
စစ်ရေးပစ်မှတ်အနေနဲ့ တစ်ထောင်ကျော်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပစ်မှတ် ၈၀၀ ကျော်နဲ့ စီးပွားရေးပစ်မှတ် ၂၀၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း အထူးစစ်ဆင်ရေး လှုပ်ရှားမှုအကြိမ်ရေ ၅၀၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ ကျော်နဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း ၁၅၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းခွဲမှာ အထူးစစ်ဆင်ရေးအဖွဲ့ S.O.F၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေစုဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြောင်း ပါဝင်ပါတယ်။
စစ်ကောင်စီ သေဆုံးစာရင်းတွေကိုတော့ စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သလို RFA အနနဲ့လည်း စာရင်းအတိအကျ မသိရပါဘူး။
ရန်ကုန်တိုင်းအတွင်း စစ်ဒေသခွဲဖွဲ့စည်းလိုက်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ရန်ကုန်တိုင်းပြောရေးဆိုခွင့်ရှိသူကို RFA အနေနဲ့ ဆက်သွယ်လို့ မရခဲ့သလို စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေသာ ရှိခဲ့တဲ့ ရန်ကုန်တိုင်းအတွင်း စစ်ဒေသခွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။