စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကိုလာကြတဲ့ ရွာနီးချုပ်စပ်ဒေသခံတွေကို ဇွန်လ ၁၇ ရက်ဒီနေ့ကစလို့ စစ်ကောင်စီတပ် လုံခြုံရေးယူထားတဲ့ မြို့ဝင်ဂိတ်တွေကနေ ဝင်ကြေး တစ်ယောက်ကို တစ်သောင်းကျပ်စီ ကောက်ခံနေတဲ့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့မှာ စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မြို့အဝင်ဂိတ်လေးခုရှိပြီး အဲဒီဂိတ်တွေက မြို့ထဲဝင်လာကြတဲ့ ဒေသခံတွေကိုတားဆီးပြီး ထောက်ခံစာလုပ်ပေးကာ ငွေကြေး ကောက်ခံနေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကတော့ ဂိတ်ကနေလူနှစ်ရာလောက်ကို အကုန်ဖမ်းထားပြီး နှစ်နာရီလောက် ထိုင်ခိုင်းထားတာ။ ထောက်ခံစာမရှိရင် မြို့ထဲမဝင်ရဘူးပေါ့။ ဒီနေ့တော့ လာသမျှလူအကုန်လုံးကို အဲဒီမှာတားဆီးပြီးတော့ ထောက်ခံစာလုပ်ခိုင်းတယ်။ မြို့ထဲဝင်ဖို့ ထောက်ခံစာတစ်ခုကို တစ်သောင်းပေးရတယ်။ အဲဒါသက်တမ်းက ၁၀ ရက်သုံးလို့ရမယ်။ ၁၀ ရက်ပြည့်ရင် ပြန်လုပ်ပေါ့။ ရွာကလူတွေက မြို့ပေါ်ကို ဈေးရောင်းဈေးဝယ် ကူးလူးဆက်ဆံနေရတော့ အခက်အခဲတွေ့တာပေါ့”
လက်ရှိမှာတော့ ရေဦးမြို့ရဲ့ ဒီပဲယင်းမြို့ဘက် အဝင်ဂိတ်နဲ့ တည့်ဆည်မြို့ဘက် အဝင်ဂိတ်တွေမှာ တစ်ဂိတ်ကို လူ ၁၅၀ လောက်တန်းစီပြီး ထောက်ခံစာလုပ်နေရတယ်လို့ ဆိုပါတယ်။
ရေဦးမြို့နယ်ဟာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က မြို့ပေါ်တစ်ခုတည်းလောက်ကိုပဲ စိုးမိုးနိုင်တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ မရှိတော့တဲ့အတွက် မြို့ပေါ်လာတဲ့ သူတွေကို အမိအရဖမ်းပြီး ဝင်ငွေရလမ်းဖန်တီးနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း ရေဦးမြို့နယ်ထဲမှာ ရွာပေါင်း ၅၃ ရွာက နေအိမ်ပေါင်း ၃၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။