ရေဦးမြို့နယ် ချမ်းသာရွာစာသင်ကျောင်း မိုင်းခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ချမ်းသာနဲ့ ထန်းပင်ကုန်းရွာကြားမှာရှိတဲ့ ချမ်းသာရွာ အထက်တန်းစာသင်ကျောင်းကို မေလ ၄ ရက် မနက်ပိုင်းမှာ အင်အားတစ်ရာခန့်ပါ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။

မိုင်းခွဲခံရတာကြောင့် နှစ်ထပ်ကျောင်းဆောင်တစ်ခုလုံး ပြိုကျသွားတယ်လို့ People's Defense Comrade အဖွဲ့ရဲ့ ချမ်းသာရွာ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။

“ထန်းပင်ကုန်းရွာကို စစ်ကြောင်းထိုးလာတာ။ ချမ်းသာရွာနဲ့ကပ်လျက်ပဲ အဲဒီရွာနှစ်ရွာကြားမှာ အထက်တန်းကျောင်းကြီးကရှိတာ။ စာသင်ကျောင်းကြီးကို မိုင်းဆွဲပြီး ပြိုကျသွားတော့ မီးရှို့ဖျက်ဆီးခဲ့တယ်။ မိုင်းခွဲတာ တအုန်းအုန်းနဲ့ပဲ။ ဒီကျောင်းကြီးဟာ ကိုဗစ်ကာလ ကတည်းကစလို့ အခုအချိန်ထိ ပိတ်ထားတာပါ။ ပြီးတော့ တခြားရွာက စစ်ဘေးရှောင်တွေကိုလည်း နေထိုင်ဖို့၊ လက်ခံကျွေးမွေးတာ ရှိတယ်။ ချမ်းသာရွာမှာ နောက်ဆုံးကျန်တဲ့ အဆောက်အအုံကြီးပေါ့ အခုတော့ပြိုကျသွားပြီ”

အဲဒီစစ်ကြောင်းဟာ မေလ ၃ ရက်နေ့က ရေဦးမြောက်ဘက်အခြမ်း ကံပေါက်၊ ပန်းကုံးနဲ့ မြင်းသောက်ရွာတွေကို စစ်ကြောင်းထိုးခဲ့ပေမယ့် နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတော့ မရှိခဲ့ဘူးလို့ သူကပြောပါတယ်။

ချမ်းသာရွာအထက်တန်းကျောင်း မိုင်းခွဲဖျက်ဆီးခံရတဲ့အပေါ် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ချမ်းသာရွာက နေအိမ်နဲ့ ဘာသာရေးဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာ ၂၀၂၂ ခုနှစ်၊ မေလကစလို့ အခုအထိ ငါးကြိမ်ရှိလာပြီး နေအိမ်နဲ့ ဘာသာရေးကျောင်းအပါအဝင် အဆောက်အအုံ ၆၀၀ နီးပါး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာဟာ ပေါ်တူဂီမျိုးဆက်တွေရှိရာ နေရာတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာဝင်တွေ အများဆုံး နေထိုင်ကြတာပါ။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်ကလည်း ရေဦးမြို့နယ်ရဲ့ အကြီးဆုံး အထင်ကရဖြစ်တဲ့ နှစ်သက်တမ်း ၁၂၀ ကျော် ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာ ရွာပေါင်း ၅၀ က နေအိမ်ပေါင်း ၃၁၇၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။