စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ကုက္ကိုစုရွာကို ဇူလိုင်လ ၁၇ ရက်ဒီနေ့မှာ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကုက္ကိုစုရွာအပါအဝင် ရွာလေးရွာက ဒေသခံ လေးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားတစ်ရာခန့်ပါတဲ့ စစ်ကြောင်းဟာ ရေဦးမြို့ပေါ်ကနေ အဲဒီရွာတွေဘက် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကုက္ကိုစု၊ ရွာသာလေး၊ ပိဋကတ်ကျနဲ့ လိပ်စွန်းရွာခံတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီစစ်ကြောင်းက မနေ့က ခင်ဦးမြို့နယ်ထဲကို ဝင်တဲ့စစ်ကြောင်း ဒီဘက်ကိုကူးလာတာ။ အခုတော့ ကုက္ကိုစုရွာထဲမှာ တပ်စွဲထားတယ်။ ဘယ်ကိုစစ်ကြောင်းထိုးမယ်မသိတော့ အနီးတစ်ဝိုက်က ရွာတွေရော အကုန်ရှောင်နေရတာပေါ့”
အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၁၆ ရက် မနေ့ကလည်း ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ တစ်သောင်းလောက် ထွက်ပြေးခဲ့ရတယ်လို့ ထွက်ပြေးနေရသူတွေကိုယ်တိုင် ပြောပါတယ်။
ခင်ဦးမြို့နယ်ထဲကနေ ရေဦးမြို့နယ်ထဲကို ထွက်လာချိန် အင်းပတ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ဘေးဒုက္ခသည်တွေနေတဲ့ အင်းပတ်ရွာ စာသင်ကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ အရွယ် ဦးသန်းစိုး သေဆုံးပြီးသလို အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ရေဦးမြို့နယ်ထဲမှာရှိတဲ့ ရွာပေါင်း ၅၃ ရွာက နေအိမ် ၃၃၀၀ ကျော် မီးရှို့ခံရသလို သတ်ဖြတ်ခံရတဲ့ အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကလည်း ၁၀၅ ဦးထက်မနည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။