ဖဲကြိုးဝါလှုပ်ရှားမှု ဆက်လက်အရှိန်မြှင့်ဆင်နွှဲ
2015.09.14

တပ်မတော်က အငြိမ်းစားယူထားသူတွေကို တရားလွှတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်လိုက်တဲ့ အပေါ် ရန်ကုန်နဲ့ နေပြည်တော်က ရှေ့နေတွေက ဖဲကြိုးအဝါတွေ ဝတ်ဆင်ပြီး ဒီနေ့ အရှိန်မြှင့်ပြီး ဆက်လက်ကန့် ကွက်ခဲ့ကြပါတယ်။ တပ်မတော်က တရားစီရင်ရေးမှာ ဝင်ရောက်လွှမ်းမိုးခြယ်လှယ်တာကို လက်မခံနိုင်တဲ့အတွက် ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်တာဖြစ်တယ်လို့ ရန်ကုန်မြို့က အထက်တန်းရှေ့နေ ဒေါ်စန်းသီတာစိုးက ပြောပါတယ်။
"ဥပဒေနားမလည်ဘူး သူတို့က အထက်အမိန့်အရလုပ်တဲ့လူတွေ၊ ဒီတရားစီရင်ရေးမှာ အမိန့်အရလုပ်လို့မရဘူး၊ တရားသူကြီးတစ်ယောက်က မိမိရဲ့ဆင်ခြင်ထုံတရားနဲ့ ဆင်ခြင်စဉ်းစားရမယ်၊ တရားဥပဒေအရာကို ကျွမ်းကျင်ရ မယ်၊ သူတို့က ဥပဒေကို မကျွမ်းကျင်ဘဲနဲ့ စစ်တပ်က အုပ်ချုပ်ရေးစနစ်နဲ့ တရားစီရင်ရေးလမ်းကြောင်းထဲကို ဝင်လာလို့မရဘူး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့က သူ့ကဏ္ဍနဲ့သူအသီးသီးရှိပြီးသား၊ ဒီအချိန်မှာ စစ်ဘက်မှာ တာဝန်ထမ်းဆောင်တဲ့သူက စစ်ဘက်အကြောင်းပဲနားလည်မှာ၊ သူဒီမှာပဲတာဝန်ထမ်းဆောင်လေ၊ အဲဒါသူက တရားစီရင်ရေးကိုလာတယ်ဆိုတော့ တရားစီရင်ရေးကိုလာပြီး လွှမ်းမိုးတယ်လို့ ထင်ပါတယ်"
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က လှုပ်ရှားမှုမှာ ပျဉ်းမနားမြို့နယ်ရှေ့နေအသင်း ဥက္ကဌ ဦးခင်မောင်ဇော်က ဒီလှုပ်ရှားမှုဟာ အရပ်ဘက်ဌာနတွေမှာရှိပြီးသားဖြစ်တဲ့ တပ်မတော်က အငြိမ်းစားတွေကို ရည်ရွယ်တာ မဟုတ်ဘဲ နောက်ထပ်ဝင်မလာအောင် တားမြစ်ဖို့အတွက် ရည်ရွယ်တာလို့ ပြောပါတယ်။
"စီမံကိန်းရှိရှိနဲ့ သွင်းနေတယ်လို့ ကျနော်ယူဆတယ်၊ ပထမဆုံးက ရှိဆဲလူတွေကို ကျနော်တို့ ဖြိုချဖို့မဟုတ်ပါဘူး၊ ထပ်မတိုးဖို့ပါ"
အဲဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့စက်တင်ဘာလ ၉ရက်နေ့က ပျဉ်းမနားနဲ့ ပြည်တို့မှာ စတင်ခဲ့တာဖြစ်ပြီး မန္တလေး၊ ရန်ကုန်နဲ့ မော်လမြိုင်မြို့တွေက ရှေ့နေတွေကပါ ပါဝင်လာကြတာဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ တပ်မတော်က အဆင့်မြင့်အရာရှိတွေ ဝင်ရောက်လာတာကို မကျေနပ်တဲ့အတွက် ရှေ့နေတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်သွားမယ်လို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လျှပ်စစ်အင်ဂျင်နီယာတွေက တပ်ကအရာရှိတွေဌာနထံ ရွှေ့ပြောင်းလာတာကို ဆန့်ကျင်တဲ့ အပြာရောင်ဖဲပြားလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပါတယ်။
ဒီအကြောင်း RFA ဝိုင်းတော်သူ မခက်မာ တင်ပြထားတာ နားဆင်နိုင်ပါတယ်။