ရေစကြိုမြို့နယ်မှာ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရပြီး ရွာနှစ်ရွာ မီးရှို့ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ရွာနဲ့ ပေါက်ကူကျေးရွာကို အောက်တိုဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ကျီးကန်နဲ့ တောင်အိုရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတွေဖြစ်ပြီး ရုပ်အလောင်းတွေကို ပေါက်ကူရွာမှာတွေ့ရှိတာလို့ ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ နာမည်တွေတော့ မသိရသေးပါဘူး။

အဲဒီနေ့ မနက် ၁၁ နာရီခန့်မှာ အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ပေါက်ကူကျေးရွာက နေအိမ် ၅၀ ကျော်မီးလောင်ခဲ့သလို အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ကမ္ဘဲ့ကျေးရွာမီးရှို့ခံရမှု အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အဲဒီနေ့က စစ်ကြောင်းဝင်လာလို့ ပြေးရင်း ဖမ်းခံခဲ့ရတာဖြစ်ပြီး ပေါက်ကူရွာနဲ့ ကမ္ဘဲ့ရွာတွေကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ရေစကြို ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းနဲ့ တည့်တည့်တိုးလို့ နှိပ်စက်ပြီးတော့မှ အသတ်ခံလိုက်ရတာပါ၊ စစ်ကြောင်းဝင်လာလို့ ပြေးကြရင်းနဲ့ မလွတ်လို့ ဖမ်းခံရတဲ့သူတွေ၊ အဲဒီလို ဖမ်းခံရတဲ့သူတွေထဲကမှ အသက်က ၅၀ ကျော် အရွယ် နှစ်ယောက်ကို ပေါက်ကူရွာမှာ သတ်ပြီး ထားခဲ့ကြတာ၊ ပေါက်ကူရွာကိုလည်း မီးရှို့သွားကြတယ်၊ ပြီးတော့ ကမ္ဘဲ့ရွာကိုလည်း မီးရှို့သွားကြသေးတယ်”

အဲဒီ စစ်ကြောင်းက ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ၂၅၈ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းအင်အား ၂၀၀ ခန့်ပါဝင်ပြီး ရေစကြိုမြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာလို့ ပြောပါတယ်။

အဲဒီနေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ မရှိဘူးလို့ ပြောပါတယ်။

အခုလို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ကမ္ဘဲ့၊ ပေါက်ကူ၊ သမန္တပို့၊ နန်းထိန်းရွာ ၊ စဉ့်ကိုင်ရွာ၊ မဲကုန်း၊ ကျီးကန်၊ တောင်အို၊ ရွာသာအေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းက ဒီနေ့မှာတော့ ရေစကြိုမြို့ပေါ်မှာရှိတဲ့ ခလရ ၂၅၈ ထဲကို ပြန်ဝင်သွားပြီလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ အတွင်းရေးမှူး ဦးသန်းဆွေဝင်း ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။