ရေဦးမြို့နယ် အောင်သာယာရွာ တိုက်ခိုက်ခံရပြီး ပျူစောထီးအချို့ အဖမ်းခံရ
2023.11.25
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အောင်သာယာရွာကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ နိုဝင်ဘာလ ၂၄ ရက်မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား တစ်ဦးနဲ့ ပျူစောထီး ခြောက်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
အဲဒီရွာဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ အခြေချ တပ်စွဲထားတဲ့ရွာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရေဦးအခြေစိုက် People's Defense Comrade အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“ရွာထဲကို ဝင်စီးပြီး ဖမ်းနိုင်ခဲ့တာက ခုနစ်ဦး၊ အဲဒီရွာထဲက အရေးပါတဲ့နေရာတွေကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ရွာပျူစောထီး ခေါင်းဆောင်ကတော့ ကန့်ဘလူ နယ်ဘက် အခြမ်းကို ထွက်ပြေးသွားလို့ လိုက်ရှာနေတာရှိတယ်။ ပျူစောထီးရွာကို စီးနင်းချိန် ရေဦးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်သလို လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့တယ်”
အောင်သာယာရွာကို စီးနင်းတိုက်ခိုက်ချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အနေအထား မဟုတ်ဘူးလို့ ဆိုပါတယ်။
ရေဦးမြို့နဲ့ ခုနစ်မိုင်ခန့်ဝေးတဲ့ အောင်သာယာရွာဟာ ရေဦးမြို့နယ်အတွင်း တစ်ခုတည်း သော ပျူစောထီးရွာဖြစ်ပြီး ကန့်ဘလူမြို့နယ် ကာဘိုး တိုက်နယ်နဲ့လည်း ထိစပ်နေတာပါ။
အဲဒီရွာ စီးနင်းခံရပြီးနောက် ကန့်ဘလူမြို့နယ် ကာဘိုး တိုက်နယ်ဘက်ကနေ အင်အား နှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်း ထိုးလာခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦး ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
ရေဦးမြို့ပေါ်မှာတော့ နိုဝင်ဘာလ ပထမအပတ်ကတည်းက စစ်ကောင်စီ တပ်စခန်းတွေ ပူးပေါင်းပြီး ခုခံစစ် အားကောင်းအောင် ပြင်နေတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။