ရွှေဆိုင်ပိုင်ရှင်တွေ လုံခြုံရေး ကြိုတင်ပြင်ဆင်ဖို့ ရန်ကုန်ရွှေအသင်း သတိပေး
2024.10.22

ရန်ကုန်မြို့မှာ ရွှေငါးပိဿာခန့် လုယက်ခံရပြီးနောက် ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ ရွှေဆိုင်တွေမှာ လုံခြုံရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်ကြဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန် သတိပေးပါတယ်။
ရွှေဆိုင်တွေမှာ CCTV ကင်မရာတွေ တပ်ဆင်ထားတာအပြင် မိမိတို့ရဲ့ နေအိမ်၊ နေအိမ်ပတ်ဝန်းကျင်၊ ကားပါကင် တို့မှာလည်း CCTV ၊ အရေးပေါ် သတိပေးချက်စနစ် (Alarm Bell) တွေ တပ်ဆင်ဖို့၊ ရွှေထည်နဲ့ ရတနာပစ္စည်းတွေ သယ်ဆောင်တဲ့ ကားတွေမှာ CCTV နဲ့ GPS စနစ်တွေ တပ်ဆင်တာလုပ်ထားရမယ် ဆိုပါတယ်။
ဒီ့အပြင် လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ပြီး လုယက်မှုတွေ မဖြစ်အောင် ကာကွယ်ကြဖို့အတွက်လည်း သတိပေးတယ်လို့ YGEA က ပြောပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်တိုင်း လှိုင်မြို့နယ် ၄ ရပ်ကွက်ထဲမှာ ရွှေဆိုင်သိမ်းပြီး ရွှေထည်တွေ သည်ဆောင်လာတဲ့ကားကို သေနတ်သမားတွေက ပစ်ခတ်လုယက်ခဲ့တာကြောင့် ရွှေငါးပိဿာခန့် ပါသွားခဲ့တာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
အဲဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာတော့ စစ်ကောင်စီ အာဏာပိုင်တွေ ဦးဆောင်ပြီး အရေးပေါ်သတိပေးချက် စနစ်တွေ လိုက်လံတပ်ဆင်ပေးနေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက ကတော့ကားပါပဲ ကားမှာ ကင်မရာတပ်ထားရင် နောက်က လိုက်လာတာ တန်းသိတာပေါ့ ကားနံပါတ်ကို၊ ရွှေသယ်တဲ့ကားမှာ ကင်မရာတပ်ထားရမယ် GPS တပ်ထားရမယ်။ လုပ်ခိုင်းရမှာပေါ့ တဖြည်းဖြည်းနဲ့ အကုန်လုံး လုပ်ကြမှာပါ”
ပြီးတဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မန္တလေးမြို့က “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်မှာ ရွှေဆယ်ပိဿာကျော်နဲ့ ငွေကျပ် သိန်းတစ်ထောင်ခန့် ဓားပြတိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ ဓားပြတိုက်သူတွေကို ပြန်လည်ဖမ်းမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။