ရွေးကောက်ပွဲကော်မရှင် ဒု-ညွှန်ချုပ်ကို သတ်ဖြတ်မှုနဲ့ YRF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ
2023.05.20
စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဦးစိုင်းကျော်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ For the Yangon မြို့ပြတော်လှန်ရေး အဖွဲ့ဝင် တချို့ကို ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီကြေညာတဲ့ အထဲမှာ အဲဒီကိစ္စနဲ့ မသက်ဆိုင်တဲ့သူတွေ ပါဝင်နေတယ်လို့ အဖွဲ့တာဝန်ရှိသူ တစ်ဦးက RFA ကိုပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ For the Yangon တာဝန်ရှိသူတစ်ဦးက ရဲဘော်တစ်ချို့ ဖမ်းဆီးခံရတာ မှန်ကန်ပေမဲ့ စစ်ကောင်စီက ကြေညာသလို ဆယ်ဦးမဟုတ်ဘူးလို့ ပြောပါတယ်။
“ရဲဘော် သုံးဦးပါ။ ရဲဘော်တချို့ ဖမ်းခံရတာကတော့မှန်ပါတယ်။ သူတို့ကြေညာတဲ့ သူတွေမှာ အဖွဲ့အစည်းနဲ့ မသက်ဆိုင်တဲ့သူ အများအပြားလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ သူတို့ပြောသွားတာတွေကတော့ စီစဉ်ပြီး ဇာတ်လမ်းဆင်ထားတာပိုများပါတယ်။ ရဲဘော်အချို့ ဖမ်းဆီးခံရပေမဲ့ ကျွန်တော်တို့ ရန်ကုန်နဲ့အတူ အမြဲဆက်ရှိနေပါတယ်။”
စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေက မေလ ၂၀ ရက်နေ့မှာ လက်နက်တချို့နဲ့ အတူ Yangon Revolution Force YRF အဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးမိခဲ့တယ်လို့ ကြေညာထားပါတယ်။
For the Yangon မြို့ပြတော်လှန်ရေးအဖွဲ့က ဧပြီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဦးစိုင်းကျော်သူကို ပစ်ခတ် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဦးစိုင်းကျော်သူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုပုဒ်မ ၁၃ဝ (က) နဲ့ လိမ်လည် တရားစွဲဆိုတဲ့နေရာမှာ တရားလိုပြ သက်သေ အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ပစ်ခတ် ရှင်းလင်းလိုက်တာလို့ အဲဒီအဖွဲ့က RFA ကို ဧပြီလ ၂၂ ရက်နေ့က ပြောထားပါတယ်။
ဒါ့အပြင် ဦးစိုင်းကျော်သူဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်သလို ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးမြှင့်ဖို့အထိ လျာထားခြင်း ခံရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။