ရွာငံမှာ တိုက်ပွဲကြောင့် ကားအစီးရေ နှစ်ရာနီးပါး ပိတ်မိနေ

RFA Burmese
2024.11.14
ရွာငံမှာ တိုက်ပွဲကြောင့် ကားအစီးရေ နှစ်ရာနီးပါး ပိတ်မိနေ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့အဝင်တွင် ပိတ်မိနေသည့် အိမ်စီးကားအချို့ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အဝင်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်နေတာကြောင့် ကားအစီးရေ နှစ်ရာနီးပါး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာငံမြို့အဝင် ငွေကောက်ခံရေးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာလို့ ရွာငံဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အောင်ပန်းကနေ ရွာငံကိုလာရင် မြို့အဝင်မှာ ရဲကင်းဂိတ်ရှိတယ်။ အဲဒီနေရာကို ဝင်ပစ်တဲ့ ပုံစံပဲ။ တိုက်ပွဲဖြစ်နေတာ နှစ်နာရီလောက်ကနေ စဖြစ်တာ။ မန္တလေးကနေ တောင်ကြီး တန်ဆောင်တိုင် သွားမဲ့ကားတွေတော့ ရာနဲ့ချီ ပိတ်မိနေတယ်။ မန္တလေးဘက်ကို သွားမဲ့ကားတွေတော့ ဆယ်ဂဏန်းလောက်ပဲရှိတယ်"

ဘယ်တော်လှန်ရေးတပ်ဖွဲ့နဲ့ ဖြစ်နေတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ သူကပြောပါတယ်။ ဒီဒေသမှာ ဓနု-PDF၊ ရွာငံ PDF တပ်ဖွဲ့တွေ အဓိက လှုပ်ရှားတဲ့နေရာ ဖြစ်ပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ ဓနု-PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်ကို ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။